" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

၁၉၃၀ ခုနှစ် တောင်သူလယ်သမား အရေးတော်ပုံ သမိုင်း အကျဉ်း

ဒီနေ့  မတ်လ ၂ ရက်နေ့ က တောင်သူလယ်သမားနေ့ အစစ်မဟုတ်ဘူး။

ဦးနေဝင်းက သူအာဏာသိမ်းတဲ့နေ့ကို ဇွတ်အတင်း သတ်မှတ်ထားတာဖြစ်တယ်။

"အရေးတော်ပုံ စတင် ဖြစ်ပွားသည့် နေ့မှာ ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက် ဖြစ်သည်။"။

မည်သို့ပင်ရှိစေ တောင်သူလယ်သမားဦးကြီးများ၏ ကျေးဇူးကို ဦးညွှတ်ပါတယ်။


သမိုင်းဝင် " ဒီဇင်ဘာ ၂၂ " ကို " တောင်သူလယ်သမားနေ့ " အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ ဆော်ဩပါတယ်။




တောင်သူလယ်သမား များက အင်္ဂလိပ် နယ်ချဲ့အစိုးရအား တော်လှန်သည့် အရေးတော်ပုံ ဖြစ်သည်။ ခေါင်းဆောင်သူ ဆရာစံ ကို အစွဲပြု၍ ဆရာစံ အရေးတော်ပုံ ဟုလည်း ရေးကြသည်။ သို့သော် ကိုလိုနီ ခေတ်ကမူ အရေးတော်ပုံ သားများကို သာယာဝတီ သူပုန် ဟူ၍ လည်းကောင်း၊ ဂဠုန် သူပုန် ဟူ၍ လည်းကောင်း ခေါ်ခဲ့ ကြသည်။ နယ်ချဲ့ အင်္ဂလိပ် အစိုးရအား တောင်သူ လယ်သမား များက ပထမဆုံး အကြိမ် လက်နက် စွဲကိုင်၍ တော်လှန်သည့် အရေးတော်ပုံ အဖြစ် မြန်မာ့ သမိုင်းတွင် ထင်ရှားသည်။

အရေးတော်ပုံ စတင် ဖြစ်ပွားသည့် နေ့မှာ ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက် ဖြစ်သည်။ အရေးတော်ပုံ ဖြစ်ရသည့် အခြေခံ အကြောင်းရင်းမှာ အင်္ဂလိပ် နယ်ချဲ့ အစိုးရ အရင်းရှင်တို့ ဖိနှိပ် သွေးစုပ် အမြတ်ထုတ် ချယ်လှယ်မှုကို မခံနိုင် လွန်းသည့် ဘဝ နာကျည်းချက်နှင့် အမျိုးသားရေး စိတ်ဓာတ် တို့ကြောင့် ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်သည် ကမ္ဘာ့ စီးပွားရေး ပျက်ကပ် ဆိုက်သော နှစ်ဖြစ်သည်။ ထိုဂယက်ကြောင့် မြန်မာ နိုင်ငံ၌ စပါး ဈေးများ အဆမတန် ကျဆင်း သွားသည်။ ထိုအခါ တောင်သူ လယ်သမားများ ဆင်းရဲ ကျပ်တည်း လာသည်။ ထိုသို့ တောင်သူ လယ်သမားများ ဆင်းရဲ ကျပ်တည်း လာသော်လည်း အင်္ဂလိပ် အစိုးရ ကမူ ကောက်ခံမြဲ ဖြစ်သော မြေခွန်နှင့် လူခွန်တော် များကို ဆက်၍ ကောက်ခံ ခဲ့သည်။ တောင်သူ လယ်သမားများ အဖို့ တဘက်တွင် ချစ်တီး ကုလား သူဌေးကြွေး ကလည်း ပူသည်။ တောင်သူ လယ်သမား များက မြေခွန်တော် လျှော့ချရန်နှင့် ဆိုင်းငံ့ ထားရန် တင်ပြသည် ကိုလည်း ခေတ္တ ဘုရင်ခံ ဆာဂျေ အေမောင်ကြီးက ပယ်ချ လိုက်သည်။

ထို့ကြောင့် အင်္ဂလိပ် အစိုးရ အပေါ် နာကျည်းမှု များနှင့် မကျေနပ်မှု များသာ တိုးပွား လာသည်။အင်္ဂလိပ် နယ်ချဲ့ အစိုးရ ကလည်း အလျှော့ မပေးဘဲ သီးစားခနှင့် အခွန်တော် များကို မရ ရသည့် နည်းဖြင့် အကြမ်းဖက်၍ တောင်းသည်။ အခွန်တော် မပေးလျှင် နွားကို လေလံ ပစ်ခြင်း၊ အိမ်ကို လေလံ ပစ်ခြင်း၊ လူကို ဖမ်းဆီးခြင်း အပြင် ဆန်အိုး ဆီအိုး ကိုပါ လေလံ ပစ်သည် အထိ ရက်စက် ခဲ့သည်။ ထို့ကြောင့် တောင်သူ လယ်သမား တို့၏ ဘဝမှာ အကြောင်း မထူးလှ တော့သည်က တကြောင်း မျိုးချစ်စိတ်ကြောင့် တကြောင်း လက်နက်ခြင်း မယှဉ်နိုင်မှန်း သိလျှက်နှင့် အသေခံ၍ တိုက်ပွဲ ဝင်လိုက် ကြတော့ခြင်း ဖြစ်သည်။

 

အရေးတော်ပုံ စတင် ဖြစ်သည့် ဒေသမှာ သာယာဝတီနယ် ရေတိုက်ရွာ ဖြစ်သည်။ အရေးတော်ပုံသည် တဖြည်းဖြည်းနှင့် ပခုက္ကူ၊ ပုသိမ်၊ ပဲခူး၊ ပြည်၊ ဖျာပုံ၊ မကွေး၊ မော်လမြိုင်၊ မင်းဘူး၊ မိတ္ထီလာ၊ မုံရွာ၊ မြင်းခြံ၊ မြိတ်၊ ရမည်းသင်း၊ ရေနံချောင်း၊ ရှမ်းပြည်၊ ရွှေဘို၊ သရက်၊ ဟင်္သာတနှင့် အင်းစိန် တို့သို့ ကူးစက် သွားသည်။ တောင်သူ လယ်သမား များက ရရာဓား၊ လေးမြား၊ တူမီး သေနတ်၊ နှစ်လုံးပြူး သေနတ်မှ အစ အင်းအိုင် လက်ဖွဲ့နှင့် ပီးဆေး စသည် တို့ကိုပါ သုံးကြသည်။ အရေးတော်ပုံကို ခေါင်းဆောင်သည့် ဆရာစံ ကလည်း သုပဏ္ဏက ဂဠုနရာဇာ ဆိုသော ဘွဲ့နှင့် ဘိသိက် သွန်း၍ နန်းသိမ်းပွဲ ကျင်းပ ခဲ့သည်။ ယင်းသို့ ပြုလုပ်ခြင်းမှာ ပဒေသရာဇ် သြဇာ အရှိန်အဝါကို ဖန်တီး ယူပြီး အင်္ဂလိပ် အစိုးရကို တိုက်ခိုက်ရန် လက်နက် တခု အဖြစ် အသုံးချခြင်း ဖြစ်သည်။အရေးတော်ပုံ တပ်သား များသည် အစိုးရ ပုလိပ် ဌာန များကို အသေခံ၍ ဝင်စီး ကြသည်။ ကျေးရွာ သူကြီးများ ထံမှ သေနတ် များကို သိမ်းယူ ကြသည်။ ပွဲဦးထွက် ဖားရွှေကျော် တိုက်ပွဲနှင့် အလံတောင် တိုက်ပွဲ များတွင် အရေးတော်ပုံ တပ်သား များက အနိုင် ရခဲ့ ကြသည်။

အင်္ဂလိပ် အစိုးရ ဘက်မှလည်း အရေးတော်ပုံကို ရက်စက်စွာဖြင့် နှိမ်နင်းသည်။ မြန်မာ နိုင်ငံရှိ ပုလိပ် တပ်ဖွဲ့ နှင့်ပင် မနိုင်၍ အိန္ဒိယမှ စစ်ပုလိပ် များကို ခေါ်ယူ အကူအညီ တောင်းခဲ့ ရသည်။ အရေးတော်ပုံကို အားပေးသည့် ကျေးရွာ အများအပြားကို အင်္ဂလိပ် အစိုးရက မီးရှို့ သေးသည်။ ရွာသူ ရွာသား များကို အစုလိုက် ပြုံလိုက် ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ သတ်ဖြတ်ခြင်း များကိုလည်း ပြုလုပ် ခဲ့သည်။ တိုက်ပွဲတွင် ကျဆုံးသော အရေးတော်ပုံ တပ်သား များ၏ ခေါင်းကို ဖြတ်၍ လူမြင်ကွင်းတွင် ပြထားခြင်း၊ ကျေးရွာ များတွင် အစိုးရ တပ်များက လက်နက် အင်အား ပြခြင်း စသည့် စိတ်ဓာတ် စစ်ဆင်ရေး နည်းများ ကိုလည်း သုံးသည်။ ထို့ပြင် ဘုန်းတော်ကြီး များထံ ချဉ်းကပ်၍ ရွှေပြည်အေး တရား ဟောခိုင်းပြီး လက်နက် ချအောင်လည်း သိမ်းသွင်း ခဲ့သည်။အရေးတော်ပုံ အတွက် လွတ်ငြိမ်း ချမ်းသာခွင် အမိန့် ထုတ်သော်လည်း လက်နက် ချသူတိုင်းကို လွတ်ငြိမ်းခွင့် မပေးပေ။ ဆရာစံ ကို ဖမ်းမိလျှင် ငွေငါးထောင် ပေးမည်ဟု ပထမ ကြေညာသည်။ ၁၉၃၁ ခု ဧပြီလ ရောက်သော် ငွေတသောင်း အထိ တိုးပေးမည်ဟု ကြေညာသည်။အရေးတော်ပုံ ခေါင်းဆောင် ဆရာစံ ကို ၁၉၃၁ ခုနှစ် သြဂုတ် လဆန်းတွင် ရှမ်းပြည်၊ နောင်ချို မြို့နယ် နောင်ကွမ်းရွာ အနီး၌ ဖမ်းမိ သွားသည်။

သီပေါမှ တဆင့် သာယာဝတီ ထောင်သို့ ပို့သည်။ ဗြိတိသျှ ဘုရင်အား တော်လှန် ပုန်ကန်မှုဖြင့် အမှု ဖွင့်ကာ အထူး ခုံရုံးဖြင့် စစ်ဆေးသည်။ ပြစ်မှု ထင်ရှားသည် ဆိုကာ သေဒဏ် ပေးသည့် စီရင်ချက်ကို ၁၉၃၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် ချမှတ် လိုက်သည်။ ဆရာစံ နှင့် အပေါင်းပါ ခေါင်းဆောင် များကို သေဒဏ် ပေးသည့် အပြင် ဖမ်းမိသော အရေးတော်ပုံ တပ်သား အများအပြားကို တသက် တကျွန်း ကျခံ စေခဲ့သည်။ ၁၉၃၁ ခုနှစ် သြဂုတ် လဆန်းတွင် ဆရာစံကို ဖမ်းမိ သော်လည်း အရေးတော်ပုံသည် ၁၉၃၂ ခုနှစ် မတ်လ အထိ ဆက်လက် ဖြစ်ပွား နေခဲ့သည်။အရေးတော်ပုံ အတွင်း တောင်သူ လယ်သမား အမြောက်အမြား အသက် ဆုံးရှုံး ခဲ့ကြ ရသည်။ သို့သော် တောင်သူ လယ်သမား အရေးတော်ပုံ တပ်သား များသည် ခေတ်မီ လက်နက်ကို ပိုင်ဆိုင်ပြီး ကမ္ဘာတွင် အင်အား အကြီးဆုံးဟု ဆိုသော ဗြိတိသျှ နယ်ချဲ့ အစိုးရအား တနှစ်ကျော် ကြာသည် အထိ အံတု ဖက်ပြိုင် စိန်ခေါ် နိုင်ခဲ့သည်။

သို့ရာတွင် လက်နက်ချင်း မယှဉ်သာခြင်း၊ လူအင်အား မမျှခြင်း၊ အပြင်းအထန် နှိပ်ကွပ် ခံရခြင်း၊ ပြည့်စုံ၍ တိကျ ပြတ်သားသော နိုင်ငံရေး ဦးတည်ချက် မရှိခြင်း၊ စည်းကမ်းနှင့် စည်းလုံး အပိုင်း၌ အားနည်းခြင်း တို့ကြောင့် အရေးတော်ပုံ ကျဆုံး ခဲ့ရသည်။

အရေးတော်ပုံ ကျဆုံး သွားသော်လည်း အရေးတော်ပုံ ဖြစ်ပွား ပြီးနောက် အင်္ဂလိပ်  အစိုးရက တောင်သူ လယ်သမားများ ထံမှ အခွန် လျှော့ကောက်သည့် အကျိုး ရရှိ ခဲ့သည်။ နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသား လွတ်မြောက်ရေး စိတ်ဓာတ်ကို ပိုမို ရှင်သန် ကြီးထွား စေသော အမြတ် ကိုလည်း ရခဲ့သည်။

တိုင်းရင်းသား တို့သည် အင်္ဂလိပ်  နယ်ချဲ့ အစိုးရအား ရဲရဲတောက် တော်လှန်မည့် ခေါင်းဆောင်မျိုးကို များစွာ လိုလား တောင့်တ နေကြကြောင်း ကိုလည်း သိခွင့် ရခဲ့သည်။ လက်နက် အားကိုးဖြင့် ဖိနှိပ် သွေးစုတ် ချယ်လှယ် နေသော အင်္ဂလိပ် နယ်ချဲ့ အစိုးရကို လက်နက် ဖြင့်သာ တုန့်ပြန် ရင်ဆိုင် ရမည် ဆိုသော အယူအဆကို ရှင်သန် ကြီးထွား စေခဲ့သည်။ ထို့ကြောင့်လည်း တောင်သူ လယ်သမား အရေးတော်ပုံ ဖြစ်ပွား ပြီးနောက် မြန်မာ့ နိုင်ငံရေး လောကတွင် တောင်သူ လယ်သမား အရေးတော်ပုံထက် ပို၍ ပြင်းထန်သည့် တော်လှန်ရေးမျိုး လုပ်လိုသော မျိုးချစ် လူငယ်များက ခေါင်းဆောင် လာနိုင် ခဲ့ကြသည်။

၂၀၀၀ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်းက ထုတ်ဝေတဲ့ မြဟန်ရဲ့ 'ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်' မှ "တောင်သူ လယ်သမား အရေးတော်ပုံ (၁၉၃၀)" ကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

https://www.myanmarisp.com/Colony/ind0025


တောင်သူ လယ်သမား အရေးတော်ပုံ၏ ခေါင်းဆောင် သုပဏ္ဏဏက ဂဠုရာဇာဘွဲ့ခံ ဆရာစံ (၁၈၇၆ - ၁၉၃၁)။

စစ်ကိုင်းတိုင်း ဒီပဲယင်း (တပယင်း) မြို့နယ် သရက်ကန် အရှေ့ရွာ ဇာတိ ဖြစ်သည်။ အဖ ဦးကျေးနှင့် အမိ ဒေါ်ဖက် တို့မှ ၁၈၇၆ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ ညီအစ်ကို မောင်နှမ ငါးယောက် အနက် ဆရာစံမှာ အငယ်ဆုံး ဖြစ်သည်။ ငယ်နာမည် မောင်စံရှား ဖြစ်သည်။ ဒီပဲယင်း မြို့နယ် ဇာတိ ဖြစ်သော်လည်း ဆရာစံ အမြဲ နေထိုင်သော အရပ်မှာ မော်လမြိုင် ဘီလူးကျွန်း ချောင်းဆုံ မြို့နယ် ကမာမိုရွာ ဖြစ်သည်။ မြန်မာ ဓာတ်ဆေး ဆရာ တဦး ဖြစ်သည့် အလျှောက် ဆေးကုခြင်း၊ ဗေဒင်ဟောခြင်း၊ ကျမ်းစာအုပ် ရေးခြင်းဖြင့် အသက် မွေးသည်။ အဂ္ဂိရတ်ထိုးလည်း ဝါသနာ ပါသည်။ ရောဂါ လက္ခဏာ တို့၏ ဇစ်မြစ်ကို ပြဆိုသည့် လက္ခဏဇု ကျမ်းနှင့် ဝိဇ္ဇဿိပ္ပံ အဂုတ္တိရကျမ်း တို့ကို ရေးသား ခဲ့သည်။

ဆေး ကုသသည့် အလုပ်ဖြင့် အသက် မွေးရင်း ဓမ္မရက္ခိတ အသင်းနှင့် သီရိဥတ္တမ အသင်းများ ဖွဲ့ကာ ဝံသာနု လုပ်ငန်း များကို လုပ်ကိုင် ခဲ့သည်။ ထို့နောက် ဂျီစီဘီအေ အသင်းနှင့် ဆက်သွယ် မိပြီး ကမာမို တိုက်နယ် ဂျီစီဘီအေ ဥက္ကဌ အဖြစ်မှ မော်လမြိုင် ခရိုင် ဂျီစီဘီအေ ဥက္ကဌ ဖြစ်လာသည်။ ဦးချစ်လှိုင်နှင့် ဦးစိုးသိမ်း ဂျီစီဘီအေဟု နှစ်သင်း ကွဲသော အခါ ဦးစိုးသိမ်း ဂျီစီဘီအေ ဘက်သို့ ပါသွားသည်။ ဦးစိုးသိမ်း ဂျီစီဘီအေတွင် အမှုဆောင် အဖွဲ့ဝင်နှင့် စည်းရုံးရေးမှူး အဖြစ် ထင်ရှား လာသည်။

ဆရာစံက အင်္ဂလိပ် နယ်ချဲ့ အစိုးရအား လက်နက်ကိုင် တော်လှန်ရန် စိတ်အား ထက်သန် သော်လည်း ဦးစိုးသိမ်း ဂျီစီဘီအေက လက်နက်ကိုင် တော်လှန်ရန် အချိန် မကျ သေးဟု ယူဆ သောကြောင့် ဆရာစံသည် လှိျု့ဝှက်၍ ဂဠုန် တပ်ဖွဲ့များ ဖွဲ့ကာ အင်္ဂလိပ် အစိုးရအား တော်လှန်ရန် ကြံစည် ခဲ့သည်။ ဦးစိုးသိမ်း ဂျီစီဘီအေ၏ စည်းရုံးရေးမှူး အဖြစ်ဖြင့် ရောက်ရှိရာ အရပ် တိုင်း၌ ဂဠုန် ဆရာစံဟု ခေါ်ကြသည်။ အင်္ဂလိပ် အစိုးရအား လူခွန် မြေခွန် မပေးရေး၊ သီးစားခ မပေးရေး၊ ချစ်တီးကုလား တို့၏ အကြွေးမဆပ်ရေး တို့ကို စည်းရုံး လှုံ့ဆော် ခဲ့သည်။ သို့သော် အင်္ဂလိပ် အစိုးရဘက်မှလည်း သီးစားခနှင့် အခွန်တော်များ ရရှိရေး အတွက် အကြမ်းဖက်၍ ဝရမ်း ကပ်ခြင်း၊ ကျွဲ နွားများနှင့် လှည်းများကို လေလံ ပစ်ခြင်းတို့ ပြုလုပ်လာ၍ တောင်သူ လယ်သမားများ မခံမရပ်နိုင် ဖြစ်လာ ကြသည်။

ဤ အခြေအနေတွင် ဆရာစံက ၁၉၃၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် သုပဏ္ဏက ဂဠုရာဇာဘွဲ့ ခံယူလိုက်သည်။ အလံတောင်တွင် ဗုဒ္ဓရာဇာမြို့ နန်းတည်၍ ဘုရင် အဖြစ် ကြေညာခဲ့သည်။ ထို့နောက် နယ်ချဲ့ အင်္ဂလိပ် အစိုးရကို နာကျည်း နေသော တောင်သူ လယ်သများ ထုအား ခေါင်းဆောင်ကာ နယ်ချဲ့ ဆန့်ကျင်ရေး တောင်သူ လယ်သမား အရေးတော်ပုံ ကို ဆင်နွှဲခဲ့သည်။ ထို့ကြောင့် ကိုလိုနီခေတ် မြန်မာ့ သမိုင်းတွင် နယ်ချဲ့ အင်္ဂလိပ် အစိုးရအား လက်နက်ကိုင် တော်လှန်သည့် တောင်သူ လယ်သမား အရေးတော်ပုံ ၏ ခေါင်းဆောင် အဖြစ် ထင်ရှားသည်။ ဆရာစံကို အင်္ဂလိပ် အစိုးရ ဘက်မှ ဖမ်းမိသော အခါ အင်္ဂလိပ် ဘုရင်အား တော်လှန် ပုန်ကန်မှုဖြင့် အမှုဖွင့် စစ်ဆေးသည်။ ထို့နောက် ပြစ်မှု ကျူးလွန်သည်ဟု ဆိုကာ ၁၉၃၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သေဒဏ် ပေးခဲ့သည်။ (တောင်သူ လယ်သမား အရေးတော်ပုံ ကိုလည်း ကြည့်ပါ။)

၂၀၀၀ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်းက ထုတ်ဝေတဲ့ မြဟန်ရဲ့ 'ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်' မှ "ဆရာစံ (၁၈၇၆ - ၁၉၃၁)" ကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။



တောင်သူလယ်သမားအရေးတော်ပုံနှင့် ပတ်သက်သည့်အရေးကြီးသော ရက်စွဲများ
-----------------------------------------------------
မြန်မာသက္ကရာဇ် ၁၁၈၅-၈၇ ခု (၁၈၂၄-၂၆)
အင်္ဂလိပ် မြန်မာပထမစစ်ပွဲ ပြီးသည့်နောက်
ရခိုင်တိုင်းနှင့် တနင်္သာရီတိုင်းကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။

မြန်မာသက္ကရာဇ် ၁၂၁၃-၁၄ ခု (၁၈၅၂)
အင်္ဂလိပ် မြန်မာ ဒုတိယ စစ်ပွဲ ပြီးသည့်နောက်
အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။

မြန်မာသက္ကရာဇ် ၁၂၃ဝ-၁၂၃၁ ခု (၁၈၆၉)
စူးအက်တူးမြောင်း ဖောက်လုပ်ပြီးစီး၍ မြန်မာပြည်တွင်
ဝမ်းစာ စိုက်ပျိုးရေးခေတ်မှ ကူးသန်းရောင်းဝယ်ရေး
စိုက်ပျိုးရေးခေတ်သို့ စတင်ပြောင်းလဲလာသည်။

မြန်မာသက္ကရာဇ် ၁၂၄၂-၄၃ ခု (၁၈၈၁-၁၈၈၂)
တောင်သူလယ်သမားများ စတင်ကြွေးမြီတင်ရှိလာသည်။

မြန်မာသက္ကရာဇ် ၁၂၄၆-၄၇ ခု (၁၈၈၅)
အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲ ပြီးသည့်နောက်
အထက် မြန်မာပြည်ကို အင်္ဂလိပ်တို့ သိမ်းပိုက်သည်။

မြန်မာသက္ကရာဇ် ၁၂၆၁-၆၂ ခု (၁၉ဝဝ)
ကြွေးမြီ တင်ရှိနေသူ တောင်သူလယ်သမားဦးရေ
တိုးတက်များပြားလာသည်။

မြန်မာသက္ကရာဇ် ၁၂၇၅-၇၉ ခု (၁၉၁၄-၁၈)
ပထမကမ္ဘာစစ်အတွင်း ဆန်စပါး ဈေးကောင်းလာသည်။

မြန်မာသက္ကရာဇ် ၁၂၈၁-၈၂ ခု (၁၉၂ဝ)
ပထမကျောင်းသားများ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့သည်။
ထို့နောက်တွင် အလုပ်သမား သပိတ်မှောက်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

မြန်မာသက္ကရာဇ် ၁၂၈၂-၈၃ ခု (၁၉၂၁)
ဗြိတိသျှ ကုမ္ပဏီကြီးများ ပူးပေါင်းဖွဲ့စည်းထားသည့်
ဘူလင်ဂျာပူးလ်၏ ချယ်လှယ်မှုကြောင့် ဆန်စပါးဈေး
အလွန်ကျဆင်း၍ တောင်သူလယ်သမားတို့ စီးပွားရေး ကြပ်တည်းစ ပြုလာသည်။

မြန်မာသက္ကရာဇ် ၁၂၈၆-၈၇ ခု (၁၉၂၅)
အနယ်နယ်တွင် ဗြိတိသျှအစိုးရအား အသိအမှတ် မပြုရေး၊
အခွန်များ မပေးရေး စသော လူတန်းစား တိုက်ပွဲများ ပြင်းထန်လာသည်။

မြန်မာသက္ကရာဇ် ၁၂၈၇-၈၈ ခု (၁၉၂၆)
ဆရာတော် ဦးဝိစာရသည် အခွန်မပေးရေး တိုက်ပွဲများ ဆင်နွှဲရန်
ခရိုင်အသီးသီးတွင် စည်းရုံးမှုများ ပြုလုပ်သည်။

မြန်မာသက္ကရာဇ် ၁၂၈၈-၈၉ ခု (၁၉၂၇)
ဆရာတော် ဦးဥတ္တမသည် “လိပ်ကို အခွံခွာရမည်”ဟူသော
ဆောင်ပုဒ်ဖြင့် ဗြိတိသျှအစိုးရအား အခွန်မပေးရေး တရားများကို ဟောပြောသည်။

မြန်မာသက္ကရာဇ် ၁၂၈၉-၉ဝ ခု (၁၉၂၈)
ဆရာစံသည် ဦးစိုးသိမ်း ဂျီစီဘီအေ အဖွဲ့ချုပ်၏ တာဝန်ပေးချက်
အရ၊ ခရိုင်အသီးသီးသို့ သွားရောက်၍ ဗြိတိသျှအစိုးရ၏ အတင်း
အဓမ္မ အခွန်တောင်းမှုကိစ္စများကို လိုက်လံစုံစမ်းသည်။

၁၂၉၁ ခု၊ ပြာသိုလဆုတ် ၅ ရက် (၁၈-၁-၃ဝ)
ဆရာစံသည် အင်္ဂလိပ်အစိုးရအား လက်နက်ကိုင် တော်လှန်ရေး
အတွက် မော်လမြိုင်မှ သာယာဝတီသို့ ထွက်ခွာလာသည်။

၁၂၉၂ ခု၊ တန်ဆောင်မုန်း လဆုတ် (၈)ရက် (၂၈-၁ဝ-၃ဝ)
မြစိမ်းတောင်ညို ဘုရားတွင် သုပဏ္ဏက ဂဠုနရာဇာဟူသော
ဘွဲ့ကိုယူ၍ ဥပုသ်ကြီးဝင်သည်။

၁၂၉၂ ခု၊ နတ္တော်လဆုတ် ၁ ရက် (၅-၁၂-၃ဝ)
အလံတောင်တွင် ဗုဒ္ဓရာဇာမြို့ တည်ရန် ပန္နက်ရိုက်သည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၃ ရက် (၂၁-၁၂-၃ဝ)
အလံတောင်တွင် တဲတန်း တည်ဆောက်သည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၄ ရက် (၂၂-၁၂-၃ဝ)
ဆရာစံ၏ အမိန့်အရ၊ သာယာဝတီထောင်ကို ဖွင့်ရန်
သွားကြသော ဗိုလ်ဖိုးဆော့ ခေါင်းဆောင်သည့်
ဂဠုန်သူပုန်များ သည် ဇိမ်ဇာသူကြီးအား စမ်းတွင်းရွာအနီးတွင်
တွေ့ရှိတိုက်ခိုက် ကြသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၅ ရက် (၂၃-၁၂-၃ဝ)
ဖားရွှေကျော် ပထမတိုက်ပွဲ၊ ဦးမောင်ကလေး ခေါင်းဆောင်သော
ပုလိပ်အဖွဲ့ ဆုတ်ခွာထွက်ပြေးကြသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၆ ရက် (၂၄-၁၂-၃ဝ)
ဝဲရွာတိုက်ပွဲ သစ်တောအင်ဂျင်နီယာ မစ္စဖီးကလပ် ကျဆုံးသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၇ ရက် (၂၅-၁၂-၃ဝ)
ဖားရွှေကျော် ဒုတိယတိုက်ပွဲ၊ ရာဇဝတ်ဝန်ကလေး
ဦးမောင်ကလေး ကျဆုံး၍ ပန်ချာပီတပ်များ ထွက်ပြေးကြသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၁၂ ရက် (၃ဝ-၁၂-၃ဝ)
ဖားရွှေကျော်တတိယတိုက်ပွဲ၊ ဂဠုန်သူပုန်တို့ဘက်မှ
အကျအဆုံးများစွာနှင့် ဆုတ်ခွာရသည်။

၁၂၉၂ ခု၊ ပြာသိုလဆန်း ၁၃ ရက် (၃၁-၁၂-၃ဝ)
နယ်ချဲ့အင်္ဂလိပ်စစ်တပ် အလံတောင်သို့ တက်ရောက် တိုက်ခိုက်
ဖျက်ဆီးသောကြောင့် ဆရာစံသည် ထိုနေရာမှ ထွက်ခွာသည်။

၁၂၉၂ ခု၊ ပြာသိုလဆုတ် ၅ ရက် (၇-၁-၃၁)
ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ထန်းတောရွာအနီးတွင် ဦးအောင်လှ
ခေါင်းဆောင်သော ဂဠုန်သူပုန်တို့နှင့် အရေးပိုင်မစ္စတာ ဘရက်တို
ခေါင်းဆောင်သော နယ်ပုလိပ်၊ စစ်ပုလိပ်များ တိုက်ပွဲဖြစ်ပွားသည်။

၁၂၉၂ ခု၊ ပြာသိုလဆုတ် ၁၁ ရက် (၁၃-၁-၃၁)
အလံတောင်မှ ထွက်ခွာသွားသော ဆရာစံသည် မန္တလေးမြို့သို့ ရောက်ရှိသည်။

၁၂၉၂ ခု၊ တပေါင်းလဆုတ် ၂ ရက် (၄-၃-၃၁)
ဆရာစံသည် ရှမ်းပြည်နယ်မြောက်ပိုင်း မက်ချင်းနုရွာသို့ ရောက်သည်။

၁၂၉၂ ခု၊ တန်ခူးလဆုတ် ၉ ရက် (၁ဝ-၄-၃၁)
သရက်ခရိုင်၊ ကာမမြို့နယ်၊ ခြောက်ပင်ရွာတွင် သူကြီးများ
စည်းဝေးပွဲလုပ်စဉ် သူပုန်တို့ ဝင်ရောက်တိုက်ခိုက်သည်။


၁၂၉၂ ခု၊ တန်ခူးလဆုတ် ၁၂ ရက် (၁၃-၄-၃၁)
သရက်ခရိုင်၊ ရာဇဝတ်ဝန်ကြီး မစ္စတာအေစီစမစ်
ခေါင်းဆောင်သော အဖွဲ့နှင့် သူပုန်တို့ ထုံးရွာအနီးတိုက်ပွဲ
ဖြစ်ပွားရာ ရာဇဝတ်ဝန်ကြီး ပြင်းထန်စွာ ဒဏ်ရာရရှိသည်။

၁၂၉၂ ခု၊ ကဆုန်လဆုတ် ၄ ရက် (၄-၅-၃၁)
ပြည်ခရိုင် ရာဇဝတ်ဝန်ကြီး မစ္စတာ သြစတင် ခေါင်းဆောင်
သော အဖွဲ့အား ဝက်ထီးကန်အနီး မြို့မရွာတွင် သူပုန်တို့
ဝိုင်းဝန်းတိုက်ခိုက်သဖြင့် ရာဇဝတ်ဝန်ကြီးနှင့် ပုလိပ်အဖွဲ့ဝင် ခုနစ်ဦး ကျဆုံးသည်။

၁၂၉၂ ခု၊ ကဆုန်လဆုတ် ၁ဝ ရက် (၁ဝ-၅-၃၁)
ဂဠုန်သူပုန်တို့ ဟင်္သာတမြို့လယ် ဂါတ်ဝင်းအတွင်းရှိ
ပန်ချာပီတပ်တို့ ဝင်ရောက်စီးနင်းရာ ပန်ချာပီစစ်သားတို့ ဒဏ်ရာရကြသည်။

၁၂၉၂ ခု၊ ကဆုန်လကွယ်နေ့ (၁၅-၅-၃၁)
ဟင်္သာတခရိုင်၊ လယ်တီစာဖြူစုပုလိပ်ကင်းစခန်းကို သူပုန်တို့
ဝင်ရောက်စီးနင်းသည်။

၁၂၉၃ ခု၊ နယုန်လဆုတ် ၁၃ ရက် (၁၃-၆-၃၁)
ရန်ကုန်မြို့ တရားလွှတ်တော်သည် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်
ထန်းတောကျေးရွာမှ ခေါင်းဆောင် ဦးအောင်လှ၊ ဦးမိုးမင်း၊
ဦးဘိုးချစ်တို့ အပေါ်တွင် အထူးခုံရုံးမှ တသက်တကျွန်း
ထောင်ဒဏ်ပေးထားသည့် အမိန့်ကို ပယ်ဖျက်၍၊ သေဒဏ်သို့
ပြောင်းလဲပေးသည်။ အထူးခုံရုံးမှ သေဒဏ်ပေးထားသည့် ၁၅ ဦး၏
စီရင်ချက်ကိုလည်း အတည်ပြုသည်။

၁၂၉၃ ခု၊ ပထမဝါဆိုလဆန်း ၃ ရက် (၁၇-၆-၃၁)
ဆရာစံသည် ပါဝိုင်း စခန်းတွင် အောင်ချမ်းသာမြို့ကို တည်သည်။

၁၂၉၃ ခု၊ ဒု-ဝါဆိုလဆုတ် ၄ ရက် (၂-၈-၃၁)
ဆရာစံအား ရှမ်းပုလိပ်များမိသည်။

၁၂၉၃ ခု၊ ဝါခေါင်လဆန်း ၁ ရက် (၁၄-၈-၃၁)
ဆရာစံအား သီပေါထောင်မှ သာယာဝတီသို့ ပို့လိုက်သည်။

၁၂၉၃ ခု၊ ဝါခေါင်လဆန်း ၅ ရက် (၁၈-၈-၃၁)
ဆရာစံအား အထူးခုံရုံးတွင် တရားစွဲဆိုရန် ပို့သည်။

၁၂၉၃ ခု၊ ဝါခေါင်လပြည့် (၂၈-၈-၃၁)
သာယာဝတီ အထူးခုံရုံးမှ သေဒဏ်အမိန့်ချသည်။

၁၂၉၃ ခု၊ သီတင်းကျွတ်လဆုတ် (၂ ၉ - ၁ဝ -၃၁)
တရားလွှတ်တော်မှ ဆရာစံ၏ သေဒဏ်ကို အတည်ပြုသည်။

၁၂၉၃ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၄ ရက်နေ့ (၂၈-၁၁-၃၁)
နယ်ချဲ့အစိုးရက ဆရာစံအား သာယာဝတီထောင်ရှိ ကြိုးစင်တွင် တင်၍ သတ်သည်။


အေးချမ်းမွန်မှ SarPayLawKa (စာပေလောက) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...