ငါမကောင်းရင် ငါ့ကိုရေး၊
ငါ့မိဖုရားတွေမကောင်းရင် မိဖုရားတွေကိုရေး၊
ငါ့သားသမီးတွေမကောင်းရင် သားသမီးတွေကိုရေး၊
တရားသူကြီးမကောင်းရင် တရားသူကြီးကိုရေး၊
မြို့ဝန်မကောင်းရင် မြို့ဝန်ကိုရေး၊
ရဲမက်တွေမကောင်းရင် ရဲမက်တွေကိုရေး၊
အဲဒီအတွက် မင်းတို့ သတင်းစာတွေမှာ အပြစ်မရှိစေရ၊
နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ၀င်ထွက်စေ
အထက်ပါ စကားစုကို ပြောခဲ့သူက မင်းတုန်းမင်းတရားကြီး ဖြစ်ပါတယ်။
(ကျွန်တော်ဘာသာ ဖြည့်ပေးလိုက်တဲ့ စာသားတွေလည်း ပါပါတယ်။ ဤကား စကားချပ်)
သတင်းစာသမားတိုင်းလိုလို၊ ဂျာနစ်လစ်တိုင်းလိုလိုက သူတို့အတွက် အသုံးချစရာ
တစ်ခုခုရှိတိုင်း ယူသုံးတတ်တဲ့ စကားစုလည်း ဖြစ်ပါတယ်။ သတင်းသမားတွေ
တစ်ခုခုဖြစ်တိုင်း မင်းတုန်းမင်းကြီးခမြာ ကန့်လန့်ကန့်လန့်နဲ့
အမြဲပါနေတော့တာပဲ။ တစ်ခါတစ်ခါကျရင် အစိုးရဘက်ကနေ တွေးကြည့်မိတယ်။
သူတို့တွေအနေနဲ့ အဲဒီစကားတွေကို ကြားရတိုင်း မင်းတုန်းမင်းကြီးနှယ်
ဘယ်နှယ့်ကြောင့် ဒီလိုပြောခဲ့ပါလိမ့်ဆိုပြီး မင်းကြီးအပေါ် စိတ်တွေဘာတွေများ
ဆိုးနေကြမလားမသိပါဘူး။ ကျွန်တော်က လျှောက်တွေးမိတာပါ။ တက္ကသိုလ်သင်္ချာမှာ
အင်မတန်ခက်တဲ့ ပုစ္ဆာတွေကို တွက်ရတဲ့အခါတိုင်း ရှေးတုန်းက
သင်္ချာပညာရှင်တွေကို မေတ္တာတွေ ပို့ခဲ့သလိုပဲ ဖြစ်မယ်ထင်ပါတယ်။
သင်္ချာပညာရှင်တွေများ အားအာလျားလျား အလုပ်မရှိ အလုပ်ရှာပြီး
လျှောက်တွက်သွားကြတယ်။ သူတို့လုပ်ခဲ့တဲ့ အကျိုးဆက်ကြောင့် အခုတော့
ငါတို့တွေ ပျားတုပ်နေပြီ ဆိုတာမျိုးပေါ့။ အင်း... မင်းတုန်းမင်းကြီးလည်း
အဲဒီလို ပြောတဲ့အချိန်တုန်းက ဘယ်လိုနိုင်ငံရေး ဖိအားတွေနဲ့
ရင်ဆိုင်ခဲ့ရလို့ အထက်ပါ စကားနဲ့ သတင်းစာတွေကို နှစ်သိမ့်ခဲ့ရသလဲဆိုတာကို
တွေးနေမိတယ်။ တစ်ဆက်တည်း အဲဒီစကားကို ယူသုံးတဲ့ လူတိုင်းကိုလည်း
အံ့သြမိတယ်။ စကားပြောတယ်ဆိုတာ ဘာခက်တာမှတ်လို့၊ မင်းတုန်းမင်းကြီးရဲ့
စကားအတိုင်း အဲဒီခေတ်က သတင်းစာလွတ်လပ်ခွင့် တကယ်ရှိခဲ့သလား ဆိုတာကို
ပြောတဲ့သူတိုင်း လေ့လာဖူးကြရဲ့လားလို့ တွေးနေမိတယ်။
အပေါ်ဆုံးမှာ ပြောခဲ့တဲ့ မင်းတုန်းမင်းကြီးရဲ့ စကားနဲ့ ပတ်သက်ပြီး
ဟာသနွယ်တဲ့ မူကွဲတွေလည်း အများကြီးရှိတယ်။ သိပြီးသားဖြစ်ကြမယ်လို့
ယုံကြည်ပါတယ်။ ဒါပေမယ့် မသိသေးသူတွေအတွက် ဝေမျှပါရစေဦး။
အထက်ပါအတိုင်း မင်းတုန်းမင်းကြီးက ပြောတဲ့အချိန်ကပေါ့။ ဒီလိုဗျ။ "ငါမကောင်းရင်
ငါ့ကိုရေး၊ ငါ့မိဖုရားတွေ မကောင်းရင် မိဖုရားတွေကိုရေး၊ ငါ့သားသမီးတွေ
မကောင်းရင် သားသမီးတွေကိုရေး၊ အေး.. ဒါပေမယ့် သတင်းစာထဲတော့ ပါမလာစေနဲ့"
တဲ့။ ကဲ... ကောင်းရော။ ဟုတ်တော့လည်း ဟုတ်သားပဲ။ ရေးဖို့ပဲ
လွတ်လပ်ခွင့်ပေးတာလေ။ ဖော်ပြတာကတော့ လွတ်လပ်ချင်မှ လွတ်လပ်မှာပေါ့ဗျာ။
ကျွန်တော်တို့လည်း ဒီနေ့ အင်မတန် လွတ်လပ်နေတာပဲ မဟုတ်လား။
ကိုယ်မကြိုက်တဲ့လူကို လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်၊ ဆဲဆိုခွင့်၊ ရှုံ့ချခွင့်
ကျွန်တော်တို့ အားလုံးမှာ ရှိနေတာပဲ မဟုတ်ဘူးလား။ အဲ... တစ်ခုပဲ ရှိတာက
ကျွန်တော်တို့ အဲလိုလုပ်တာတွေကို ဘယ်သူမှ မသိတာပါပဲ။
နောက်ထပ် မူကွဲတစ်ခုက ဒီလိုပါ။ မင်းတုန်းမင်းကြီးက ပြောသတဲ့။ "ငါမကောင်းရင်
ငါ့ကိုရေး၊ ငါ့မိဖုရားတွေ မကောင်းရင် မိဖုရားတွေကိုရေး၊ ငါ့သားသမီးတွေ
မကောင်းရင် သားသမီးတွေကိုရေး၊ မြို့ဝန်မကောင်းရင် မြို့ဝန်ကိုရေး၊
တရားသူကြီးတွေ မကောင်းရင် တရားသူကြီးတွေကိုရေး"။ အဲဒီအချိန်မှာ ဟိုးနောက်နားကနေ ခစားနေတဲ့ မင်းမှုထမ်းတစ်ယောက်ရဲ့ မေးမြန်းလျှောက်တင်သံ တိုးတိုးလေး ထွက်လာတယ် "အရှင်မင်းကြီး၊ သတင်းစာတွေ မကောင်းရင်ရောဘုရား"
တဲ့။ စဉ်းစားစရာ ဖြစ်ပါတယ်။ မှန်ပါတယ်၊ သတင်းစာတွေ မကောင်းရင်ရော
ဘယ်သူတွေက ရေးရမှာလဲ၊ ဘယ်လိုတွေ အရေးယူကြမှာလဲ။ အချင်းချင်း
ထိန်းကြပါလိမ့်မယ်လို့ မပြောကြပါနဲ့ဗျာ။ အချင်းချင်း ရန်ဖြစ်ကြမှာပဲ
ရှိပါတယ်။
ကျွန်တော်တွေးမိတာတွေ ပြောပါရစေ။
တည်ဆဲဥပဒေတွေ ရှိပြီးသားလို့ ပြောမယ့်လူတွေ ရှိပါတယ်။ ဟုတ်ကဲ့...
စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ကျေးဇူးရှင်တွေဟာ သူများကိုသာ ဥပဒေအထက်မှာ နေတယ်၊
ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောတတ်ကြတာခင်ဗျ။ သူတို့ကိုယ်တိုင်ကတော့ ဥပဒေရဲ့
အထက်မှာ မတ်တတ်ရပ်ရုံတင် မဟုတ်ဘူး၊ ဖင်ခုထိုင်ပြီး သူများကို
ထောက်ပြချင်တဲ့ သူတွေခင်ဗျ။ သူတို့ ပြောဆိုရေးသားတာတွေဟာ ဥပဒေနဲ့
မညီဘူးထင်တဲ့အတွက် တရားစွဲရင်လည်း သူတို့မကြိုက်ဘူး၊ အရေးယူရင်လည်း
မခံနိုင်ဘူး။ ဒါဆိုရင် သူတို့ ဘာပြောပြော၊ ဘာရေးရေး လွှတ်ပေးရမှာလားဗျ။
တရားရုံးမှာ တရားစွဲတဲ့ ကိစ္စဟာ ဘာမှ ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်ဆိုရင်
အမှုရင်ဆိုင်တယ်ဆိုတာ မမှန်တဲ့လူကသာ ကြောက်ရမှာမျိုးပါ။ ရင်ဆိုင်တာဟာ
ချက်ချင်း ထောင်ချတာ၊ ဆုံးဖြတ်ချက်ချတာမှ မဟုတ်တာပဲ။ တရားရုံးမှာ
ရှင်းရမှာပဲပေါ့။ အဲဒါကို ကျီးကန်းတွေ ၀ိုင်းအာသလိုအာကြ၊ သူများတွေက
ဥပဒေနဲ့အညီ လျှောက်လွှာတင်ပြီး စည်းကမ်းတကျ ဆန္ဒဖော်ထုတ်ကြတဲ့ အချိန်မှာ
မီဒီယာသမားဆိုတဲ့ ဥပဒေအထက်က လူသူတော်ကောင်းကြီးတွေက လှုံ့ဆော်ရေး
အင်္ကျီတွေဝတ်၊ တံဆိပ်အမျိုးမျိုး၊ စာသားအမျိုးမျိုးနဲ့ ဦးထုပ်တွေဆောင်း၊
စာရွက်စာတမ်းတွေကိုင်၊ လူတန်းရှည်ကြီး တရုံးရုံးနဲ့ တွေ့တဲ့လူကို
လက်မှတ်ထိုးခိုင်း၊ ဟော... ရဲကမေးတော့ သူတို့တွေ ဆန္ဒဖော်ထုတ်တာ
မဟုတ်ပါဘူးတဲ့၊ ဘတ်စ်ကားစီးကြတာပါတဲ့၊ လုပ်ပုံက၊ လုပ်ပုံက၊ အင်တာနက်မှာ
သတင်းပြန်ရေးတော့ကျတော့ သူတို့တွေကပဲ မီဒီယာလောကကြီး တစ်ခုလုံးအတွက်
ကယ်တင်ရှင်တွေလိုလို၊ သူတို့လှုပ်ရှားတဲ့အတွက်ပဲ ဂျာနယ်တွေ
ပြန်ထုတ်ခွင့်ရသလိုလိုနဲ့ နာမည်ကောင်းယူပြီး ရေးသားလိုက်တာများ ဓာတ်ပုံတွေ
ဝေေ၀ဆာဆာ၊ အရေးအသားတွေ ပလီပလာနဲ့ တကယ့်ကို အံ့သြစရာပါပဲဗျာ။ ဥပဒေနဲ့အညီ
မလုပ်တတ် မကိုင်တတ်ဘဲ လက်တစ်လုံးခြား လုပ်တတ်တဲ့ သူတို့တွေက ကျန်တဲ့
မဏ္ဍိုင်သုံးခုကို ထိန်းသိမ်းမယ်ဆိုတော့ ကျွန်တော်ကိုဉာဏ်ဖြင့်
ဘာပြောရမှန်းတောင် မသိအောင်ပါပဲဗျာ။ စိတ်ရှိတိုင်းသာ လုပ်ကြပါတော့လို့သာ
အော်လိုက်ချင်ပါတယ်။
အခုတော့ စာပေစိစစ်ရေးလုပ်ငန်းစဉ်ကို ရပ်နားလိုက်ပါပြီတဲ့။ အစစ်ဆေး၊
အမေးမြန်းမရှိ ရေးသားထားသော စာပေများကို ကျွန်တော်တို့ ဖတ်ရှုကြရတော့မည်။
ထို့အတွက် ယုံကြည်မှု လိုအပ်လာသည်။ တစ်ချိန်ကတော့ ဂျာနယ်ထဲမှာပါတဲ့
သတင်းတစ်ပုဒ်ဟာ မမှန်ကန်ရင် စာပေစိစစ်ရေးက ထည့်ခွင့်မပြုတာကို သိတဲ့အတွက်
ဆုံးဖြတ်ရတာ လွယ်ကူပါတယ်။ အခုတော့ ကိုယ်ရေးချင်တဲ့သတင်းကို
ကိုယ့်ဘာသာကိုယ်ရေးပြီး ဂျာနယ်တွေမှာ ဖော်ပြကြမှာ ဖြစ်တဲ့အတွက်
ချင့်ယုံကြဖို့ပဲ ရှိပါတော့တယ်။ သိက္ခာရှိတဲ့ဂျာနယ် ဘယ်လောက်ရှိသလဲဆိုတာ
သိခွင့်ရမယ့် အခွင့်အလမ်းလို့ပဲ မြင်မိပါတယ်။ ပရိသတ်ကို
အပေါစားစည်းရုံးရေးတွေနဲ့ စည်းရုံးဖို့ အရှက်ဖုံးရုံ အ၀တ်အစားနဲ့
မြန်မာ့အမျိုးကောင်းသမီးတို့ရဲ့ ပေါင်တံလေးတွေ၊ ရင်သားလေးတွေ၊
ဗိုက်သားလေးတွေ၊ မြူဆွယ်မှုတွေကိုလည်း တ၀ကြီး ခံစားကြရတော့မယ်လို့
ကြိုတင်တွေးမိပြီး ဂလုဆိုတဲ့ အသံမြည်အောင် တံတွေးတွေ မြိုချလိုက်မိပါတယ်။
ကျွန်တော်ကိုဉာဏ်က ၀န်ထမ်းဖြစ်နေတော့ ခက်သားဗျာ။ ကျွန်တော်လည်း
ကော်မတီတစ်ခု ဒါမှမဟုတ် သမဂ္ဂတစ်ခု ထူထောင်ရင်ကောင်းမလားလို့
စဉ်းစားနေမိတယ်။ ဥက္ကဋ္ဌက ကျွန်တော်ပေါ့ဗျာ။ မြန်မာ့သွေးဘလော့ဂ်ရဲ့
အမာခံပရိသတ်တွေက အဖွဲ့ဝင်တွေပေါ့၊ ကွန်းမန့်တွေ အများဆုံးရေးတဲ့လူကို
အတွင်းရေးမှူး ခန့်မယ်ဗျာ။ နာမည်ကို ဘယ်လိုပေးမလဲဆိုတော့ ဂျာနယ်ဖတ်သူများ၏ အခွင့်အရေးကာကွယ်ရေးသမဂ္ဂ ပေါ့ဗျာ။
ဘာတွေလုပ်မလဲဆိုတော့ ပိုက်ဆံအကုန်အကျခံပြီး ၀ယ်ဖတ်ရတဲ့ ဂျာနယ်တွေမှာ
မတော်တရော်တွေတွေ့ရင်၊ သူများဂျာနယ်မှာ ဖော်ပြပြီးသားသတင်းကို
မျက်နှာပြောင်တိုက်ပြီး ပြန်ဖော်ပြရင်၊ အရည်မရ အဖတ်မရ သူတို့ဂျာနယ်ချင်း
ရန်ဖြစ်တာကို စာမျက်နှာတွေ အများကြီးနဲ့ရေးပြီး စာဖတ်ပရိသတ်ကို စော်ကားရင်၊
မျက်နှာဖုံးမှာ စာလုံးမည်းကြီးတွေနဲ့ အထူးသတင်းဆိုပြီး ကိုယ်ရေးချင်ရာရေး
နောက်အပတ်ကျမှ အမှားပြင်ဆင်ချက်ဆိုပြီး လူမသိ သူမသိနေရာမှာ မှိန်မှိန်လေး
ထည့်ပေးရင်၊ စာဖတ်ပရိသတ်ကို အပေါစားစည်းရုံးရေးတွေနဲ့ မော်ဒယ်လ်လေးတွေရဲ့
ဟိုပေါ်ဒီပေါ် ဓာတ်ပုံတွေနဲ့ ဖြားယောင်းရင် စသဖြင့်ပေါ့ဗျာ။ ဂျာနယ်ဖတ်သူများ၏
အခွင့်အရေးကာကွယ်ရေး သမဂ္ဂအနေနဲ့ တီရှပ်တွေဝတ်ပြီး လမ်းပေါ်ထွက်
ဆန္ဒဖော်ထုတ်တာတွေ၊ စာဖတ်သူတွေဆီကနေ လက်မှတ်တွေ လိုက်တောင်းခံတာတွေ၊
လွှတ်တော်ကိုယ်စားလှယ်တွေဆီကို စာတင်ပြတာတွေ၊ သမ္မတကြီးဆီကို
တိုက်ရိုက်စာရေးတာတွေ၊ ဂျာနယ်တိုက်ကို ချက်ချင်းပိတ်ဖို့ ဆန္ဒဖော်ထုတ်တာတွေ၊
စီးပွားရှာ ဂျာနယ်လစ်များ အလိုမရှိကမ့်ပိန်းလုပ်တာတွေ၊
စသည်ဖြင့်ပေါ့ဗျာ... လုပ်ချင်တယ်ဗျ။ ဘယ်လိုလဲ၊ ကောင်းရဲ့မဟုတ်လားဗျ။
မီဒီယာသမားတွေ လွတ်လွတ်လပ်လပ် ပြောဆိုရေးသားခွင့်ရတာ ၀မ်းသာပါတယ်။
တကယ်ဝမ်းသာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ သိက္ခာရှိတဲ့၊
စတုတ္ထမဏ္ဍိုင်ပီသတဲ့၊ ကိုယ်ရေးတာကို ကိုယ်တာဝန်ယူရဲတဲ့၊ အမှန်တရားကိုပဲ
မူဝါဒအဖြစ် ကိုင်စွဲထားတဲ့၊ ဘက်လိုက်မှုကင်းတဲ့၊ ပါတီစွဲကင်းတဲ့၊
အစွဲအမျိုးမျိုးကင်းတဲ့၊ သူငယ်နာကင်းတဲ့ သတင်းမီဒီယာတွေ ရှားနေသေးတဲ့အတွက်
တိုင်းပြည်ထူထောင်စ အခုလိုအချိန်မျိုးမှာ ဆေးအတွက်လေးမှာကို
စိုးရိမ်မိတယ်ဗျာ။ ကြောင်ရုပ်လည်း အသက်ဝင်၊ ဆေးစွမ်းလည်း တကယ်ပြရင်တော့
သားရွှေအိုးထမ်းလာတာ မြင်ရသလို ၀မ်းမြောက်ဝမ်းသာ ကြိုရမှာပ။ ဟုတ်ဘူးလား။
ဒီမျှနှင့် နားခွင့်ပြုပါ။ နောက်များမှ ဆက်ကြပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင်ပြီး၏။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com