" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

လောကကို စောင့်ရှောက်သောတရား (တရားကို စောင့်ရှောက်သော ပြည်သူ)

တရားမျှတလွတ်လပ်ခြင်းနှင့်မသွေ၊ တို့ပြေ တို့မြေ ဟူသည်မှာ တို့ ဗမာအစည်းအရုံး စတင်ထူထောင်စဉ်က တို့ဗမာသီချင်း၏ အစပိုဒ်ဖြစ်သည်။ ခုတော့ နိုင်ငံတော်သီချင်း ဖြစ်လာပြီ။တရားမျှတခြင်း၊ လွတ်လပ်ခြင်းသည် လူသားတိုင်း၏ ဘ၀မှာ အလိုချင်ဆုံး၊ အတောင့်တဆုံးအရာဖြစ်ပါသည်။

တရားမမျှတခြင်း၊ ချုပ်ချယ်ခြင်းသည် လူတို့အမုန်းဆုံး၊ မလိုချင်ဆုံးအရာဖြစ်ပါလိမ့်မည်။ ထိုတရားမျှတခြင်း၊ လွတ်လပ်ခြင်းကို လူတို့ဘယ်လို ရယူနိုင်ပါမည်လဲ။

ထိုတရားမမျှတခြင်း၊ ချုပ်ချယ်ခြင်းကို ဘယ်လို တွန်းလှန်နိုင်ပါမည်လဲ။ ဥစ္စာရင်လို၊ ဥစ္စာရင်ခဲ တဲ့။ ကိုယ်လိုချင်တာကို ကိုယ့်ဘာသာဘဲ ရအောင်ယူရမည် ဟူသည်မှာ လောက၏ ဥပဒေသ။မတရား၊ မမျှတမှုဆိုသည်ကို အနည်းငယ် ဆန်းစစ်ကြည့်ချင်ပါသည်။

တရားဥပဒေနှင့် ပတ်သက်၍ စကားတစ်ခု ရှိသည်။

“အပြစ်ရှိသူတစ်ရာ လွတ်သွားလျှင် ရှိစေ၊အပြစ်မရှိသူ တစ်ဦးတစ်ယောက်ကိုမှ မှားယွင်း အပြစ်မပေးမိစေရ”

ဟူ၏။ အပြစ်ရှိသူသည် မသေချာလျှင်၊ သို့ မဟုတ် အပြစ်ကျူးလွန်ကြောင်း အပြည့်အ၀ ခိုင်လုံမှုမရှိလျှင်၊ သို့မဟုတ် အပြစ်ကျူးလွန်တာ ဟုတ်ပါမည်လားဟူ၍ အနည်းငယ်မျှ သံသယရှိသည်ဆိုလျှင် သံသယရှိသည်ဆိုလျှင် ထိုသံသယအကျိုးကို တရားခံက ခံစားရသည်။ မသေချာဘဲနှင့် အပြစ်ပေးလို့ မရ။

ဒါက အတော်ပင် အရေးကြီးသည့် မူဖြစ်သည်။ ဒါက လောကကို စောင့်ရှောက်သော တရားဖြစ်သည်။ ဒီရွာက ရွာသားတစ်ဦး သူပုန်နှင့် ဆက်သွယ်သည်ဟု သတင်းရသည်နှင့် တစ်ရွာလုံး၊ ကလေး၊လူကြီး၊ ယောင်္ကျား၊ မိန်းမ မကျန် အားလုံး နှိပ်စက်သတ်ဖြတ်ကာ ရွာကိုမီးရှို့ သည့် အဖြစ်အပျက်မျိုးတွေ ကြားဖူးခဲ့ကြပြီ။

အပြစ်ရှိသူတစ်ယောက် လွတ်မသွားလျှင် တော်ပြီ၊ ကျန်သူတွေ ဘာဘဲဖြစ်ဖြစ်၊ အပြစ်မရှိသူတစ်ရာ ထိခိုက်သွားလည်း အရေးမကြီး၊ ဟူသော သဘော။ ဒါကို ဖက်စစ်ဝါဒ ဟု အမည်တပ်ခဲ့ကြသည်။ ထို့ ကြောင့် ဂျပန်ခေတ်ကာလမှာ အမှုတစ်ခုဖြစ်လျှင် အမှုမှန်ပေါ်ပေါက်ရေးအတွက်ဟုဆိုကာ လူအများအပြားကို ဖမ်း၏။ အချုပ်ထဲ ထည့်၍ နှိပ်စက်ညှဉ်းပန်း၏။ လူပုံအလယ်မှာသတ်၏။ နေပူလှန်း၏။ ကျူးလွန်သည့်အပြစ်နှင့် စီရင်သည့်အပြစ်ဒဏ် မမျှမတ ပေးချင်သလိုပေး၏။

တရားဥပဒေအရ တရားမျတစွာ စစ်ဆေးစီရင် အပြစ်ပေးသောစနစ်မဖြစ်လျှင် အရိုင်းအစိုင်းနည်း၊ အရိုင်းအစိုင်းစနစ်၊ ဖက်ဆစ်နည်း ဖက်ဆစ်စနစ်ဘဲ ဖြစ်မည်။ စီးပွားရေးတွင်လည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ တန်းတူညီမျှစွာ ယှဉ်ပြိုင်နိုင်ကြဖို့လိုသည်။ နည်းစပ်ရာ အုပ်စုဖွဲ့အခွင့်အရေးယူ စီးပွားရေးလုပ်နေခြင်းက မတရားမမျှတသော စီးပွားရေးယှဉ်ပြိုင်မှုဘဲ ဖြစ်မည်။

အမှန်က “မည်သူတစ်ဦးတစ်ယောက်မျှ မတရားသဖြင့် ထိခိုက်နစ်နာ ပျက်ဆီးဆုံးရှုံးမှု မဖြစ်စေရန်" က လူ့အဖွဲ့အစည်းတွင်းမှာ လူတိုင်းစောင့်ရှောက်ရမည့်တရား ဖြစ်သည်။ မိမိကြောင့်လည်းမဖြစ်စေရ၊ အခြား တစ်စုံတစ်ဦးကြောင့် ဖြစ်မည်ဆိုလျှင်လည်း သိသူတိုင်းက ၀ိုင်းဝန်းကာကွယ်စောင့်ရှောက်ရမည့်တရား ဖြစ်၏။ လူတိုင်းလူတိုင်း ထိုအသိတရားဖြင့် မတရား မမျှတမှုကို ကာကွယ်ရမည်၊ တရားမျှတခြင်းကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်။ ဒါမှသာ မိမိကိုယ်တိုင်အပါအ၀င်လောကကြီး ငြိမ်းချမ်းမှာ ဖြစ်သည်။ မတရား မမျှတမှုကို သိနေ၊ မြင်နေပါလျက်နှင့် မသိကျိုးကျွန်ပြုနေလျှင်၊ မိမိနှင့် မဆိုင်သလိုနေလျှင်၊ နောက်တစ်ကြိမ်တွင် ထို မတရား၊ မမျှတမှုက ကိုယ့်အလှည့်ဖြစ်လာလိမ့်မည်။

ထို့ကြောင့် မိမိသိရှိနေသော၊ မြင်တွေ့နေသော တရားမမျှတမှုများကို တတ်နိုင်သမျှ၊ အင်အားရှိသမျှကာယကံမြောက်ဖြစ်စေ၊ ပါဝင် တားဆီးကာကွယ်ရမည်။ မတတ်နိုင်ပါက “ဒါဟာ တရားမမျှတမှုဘဲ”ဟူ၍နှလုံးသွင်းနေရမည်။

ဒီအမှုကို ငါသဘောမတူ “နမေတံ ခမတိ” ဟူ၏။ ဒါက ဗုဒ္ဓမြတ်စွာဘုရား၏ တရားဖြစ်သည်။ မတရားမှု၊ မမှန်ကန်မှုကို အတင်းအကျပ် ပြုလုပ်လာသည့်အခါ မည်သို့မှ မရှောင်လွှဲနိုင်သည့်အခါမျိုးတွင် အနိမ့်ဆုံးအားဖြင့် မိမိ၏ စိတ်အတွင်းမှ ငြင်းဆန်ကန့်ကွက်ရမည်။ စိတ်ထဲတွင် နမေတံ ခမတိကို တဖွဖွရေရွတ်ဆို ရင်း ဆန့်ကျင်ရမည် ဟူ၏။

မိမိ မတတ်နိုင်သော အနေအထား ဖြစ်သောကြောင့် မတရားမှုကို တရားသယောင် လျှော့ပေါ့ကာကွယ်၍ မိမိစိတ်ကို လိမ်ညာဖုံးကွယ်ပေးနေလျှင် ထို မတရားမှုက မိမိထံသို့မကြာမီ ရောက်လာတော့မည်။

လူ၏ ပင်ကိုယ်စိတ်မှာ တရားမျှတမှုကို လိုလား၏။ အမှန်တရားကို ချစ်မြတ်နိုး၏။ မဟုတ် မတရားတာကို မခံချင်စိတ် ရှိကြ၏။ မတရားမှုကို တွန်းလှန်လိုစိတ် ရှိ၏။ ဒါက လူပီသသော စိတ်ဘဲ ဖြစ်သည် မဟုတ်ပါလား။ သည်တော့ မိမိပတ်ဝန်းကျင်၏ တရားမျှတမှု၊ မှန်ကန်မှုတို့ အတွက် ပြည်သူအားလုံးတွင် တာဝန်ရှိနေသည်။

တကယ်တော့ သည်တရားက လောကကို စောင့်ရှောက်သောတရားဖြစ်သောကြောင့် လူတိုင်းလူတိုင်းက လိုက်နာရမည့် တရားဖြစ်သည်။ မတရားမှုများ ဖြစ်ပေါ်လာလျှင် ပြည်သူလူထုက လက်မခံကြောင်း ကာယကံ၊ ၀စီကံ၊ မနောကံတို့ အားဖြင့် ဖော်ထုတ်ပြသခြင်းဖြင့် တရားကို ၀ိုင်းဝန်းစောင့်ရှောက်ကြရန် လိုသည်။

ထိုအထဲတွင် အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူများ၊ သြဇာကြီးသူများအနေဖြင့်မူ ပို၍ ကြီးသောလေးနက်မှုဖြင့် လိုက်နာရမည့် တရားဖြစ်သည်။ တန်ခိုးအာဏာ သြဇာကြီးသူများအတွက် အရေးကြီးဆုံးအခြေခံမူက

“မိမိကြောင့် မည်သူ တစ်ဦးတစ်ယောက်မျှ မတရားသဖြင့် ထိခိုက်နစ်နာ ဆုံးရှုံးပျက်ဆီးမှုမဖြစ်စေရ”

ဟူသောမူ ဖြစ်သည်။ မင်းကျင့်တရား ဆယ်ပါးပါ အ၀ိဟိသံ - နှိပ်စက်ညှဉ်းပန်းမှု မပြုခြင်းနှင့်အ၀ိရောဓန - ပြည်သူတို့နှင့် မဆန့်ကျင်ခြင်း ဆိုတာကလည်း ဒါဘဲ ဖြစ်သည်။ ပြည်သူလူထု၏ အစိုးရ
အဖြစ် တာဝန်ယူသူများ အနေဖြင့်မူ တရားမျှတမှုကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိသည်။ ထိုတာဝန်ကို ပျက်ကွက်လျှင် ပြည်သူလူထုအား အုပ်ချုပ်သောအစိုးရ မဖြစ်ထိုက်ဟု ထင်မြင်ယူဆမိပါသည်။


ပြည်သူ့ ခေတ်အယ်ဒီတာ

၃၁ မေ ၂၀၁၁

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...