
၂၀၀၇ ခုနှစ်တွင် ပညာရေးဆိုင်ရာ အတွေးသစ် အမြင်သစ်များဟုဆိုကာ စစ်အစိုးရက
ပညာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုအသွင်ဖြင့် လုပ်ဆောင်လာသည်။ ဆရာ
ဆရာမများကို မွမ်းမံသင်တန်းတွေ တက်ခိုင်း သည်။ အရည်အချင်းစစ်ဆေးပြီး
ဘာသာရပ်အလိုက် ဘာသာကိုင်စနစ် ကိုပြန်လည်ကျင့်သုံးသည်။
မွမ်းမံသင်တန်းများတွင် အရည်အချင်းစစ်ဆေးလိုက်သဖြင့်
အရည်အချင်း မပြည့်သည့်ဆရာ ဆရာမများကို ဘာသာရပ်လွှဲပြောင်း ခြင်း၊
အတန်းလွှဲပြောင်းခြင်းတွေလုပ်လာသည်။
ပညာရေးလောကတွင် ပြုပြင်ပြောင်းလဲမှု အသစ်တစ်ခုကို
နဖူးတွေ့ဒူးတွေ့ရင်ဆိုင်လိုက်ရသဖြင့် အတော်လေးတုန်လှုပ်ကုန်ကြသည်။
အလုပ်ထွက်မည်ဟုပြင်သူတွေပြင်လာကြသည်။ ပြုပြင်ပြောင်းလဲမှုသည်
မမျှော်လင့်ထားသည့်အချိန်တွင် ရင်ဆိုင်လိုက်ရသဖြင့် လှုပ်ခတ်သွားပုံရသည်။
ကျွန်တော်သည် ထိုအချိန်တွင် ဇာတိမြေသို့ပြန်ရောက်ပြီး ကျွန်တော်လေးစားရသည့်
တိုင်းပညာရေးမှူးအဆင့်ရှိ ဆရာကြီးတစ်ဦးနှင့်
သွားရောက်မေးမြန်းစုံစမ်းခဲ့ပါသည်။
ဆရာကြီးက ကျွန်တော်မေးသမျှဖြေမည် သို့သော် "ငါ ပင်စင်ယူမှမင်းရေး"
ဟုဆိုလာပါသည်။ ယခုဆရာကြီးပင်စင်ယူသွားချိန်တွင် ပညာရေးဆိုင်ရာ
ပြုပြင်ပြောင်းလဲမှု၏ ရိုက်ခတ်မှုအရှိန်အဟုန်ကိုသိစေချင်သဖြင့်
မူလပြောဆိုဆွေးနွေးခဲ့သည့်အတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။
Q: ဘာသာရပ်ဆိုင်ရာသင်တန်းတွေကို သက်ဆိုင်ရာဒေသအသီးသီးမှာ
ပြန်လည်ပို့ချတဲ့အခါမှာ အသံတွေအတော် လေးထွက်လာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး
ဆရာကြီးရဲ့အမြင်တွေ သိပါရစေ။
ပထမဦးဆုံး ဆရာတွေကို နွေရာသီမှာ ရက်ပေါင်း ၅၀ ဆိုပြီး သင်တန်းတွေပေးတယ်။
ရူပ၊ အင်္ဂလိပ်စာ၊ သင်္ချာ သုံး ဘာသာပါ။ တက္ကသိုလ်က ဆရာတွေနဲ့
အေးအေးဆေးဆေးသင်ကြားကြရတော့ ကျတဲ့လူမရှိသလောက်ပဲ။ တစ်တိုင်းလုံးမှ ၂
ယောက်ပဲ ကျတယ်။ အဲဒီသင်တန်းကပြီးတဲ့ ဆရာတွေကနေ မြို့နယ်တွေမှာထပ်ပြီး
သင်တန်း ပြန်ပို့ချရတယ်။ ဒီသင်တန်းက ၅ ရက်ပဲ။ နွေရာသီက မတက်ရသေးတဲ့ ဆရာ
ဆရာမတွေ ပြန်တက်ရတယ်။
ဒီသင်တန်းကို အစမ်းခန့်တွေ၊ ကိုးတန်းသင်ပြီး ဆယ်တန်းမသင်တဲ့ ဆရာတွေပါလာတယ်။
၅ ရက်ကို ကမန်းကတမ်းသင်လိုက်ကြရတော့ ကိုးတန်းသင်တဲ့ ဆရာတွေအနေနဲ့ ဆယ်တန်း
course ကို ဘယ်လိုမှ ကျွမ်းဝင်သွားမှာမဟုတ်ဘူး။ ဒီဆရာတွေကိုတစ်ခါ
ရက်နည်းနည်းနဲ့သင်ပြီး စာမေးပွဲပြန်စစ်ချလိုက်တော့ အမှတ် ၄၀ အောက် တို့ ၄၀
နဲ့ ၅၀ ကြားတို့ရတာတွေ အများကြီးထွက်လာတယ်။ ကျွန်တော်တို့ဆီမှာ ၄၀
အောက်ကတော့ ၂ ယောက်လောက်ပဲ ရှိတယ်လို့ကြားတယ်။ ၄၀ နဲ့ ၅၀ ကြားက အယောက် ၄၀
ကျော်လောက်ဖြစ်သွားတယ်။ အများကြီးကျကုန်တယ်။ ဒါကို ပညာရေးဌာနက ဒီဆရာတွေဟာ
အရည်အချင်းမပြည့်မီဘူးလို့ သတ်မှတ်လိုက် တယ်။
ဌာနအနေနဲ့ ပြောမယ်ဆိုရင်တော့ဟုတ်တယ်။ ၅၀ တောင်မရသူတွေကို
အရည်အချင်းမမီသူတွေလို့ ပြော ရင်ရတယ်။ ဒါပေမယ့် ပြန်သုံးသပ်ရမှာက ၅
ရက်တည်းပေးတဲ့ သင်တန်းနဲ့ အရည်အချင်းကိုသုံးသပ်မှုပဲ။ ဘယ်လိုမှ
မထိရောက်နိုင်ဘူးလို့ထင်တယ်။ ကိုးတန်းသက်သက်သင်တဲ့ဆရာဟာ ဆယ်တန်းကို
ဘယ်လိုမှ ရင်း နှီးကျွမ်းဝင်မှာမဟုတ်ဘူး။
ဆရာတွေဘက်က ပြန်ကြည့်ရင်လည်း ကျောင်းတွေမှာလိုအပ်ချက်အရ
ဝင်ပြီးတော့ဖြည့်ဆည်းပေးရင်း ဘာသာရပ်ဆိုင်ရာ ဆရာတွေဖြစ်လာကြရတာ အများကြီး။
အချို့ဆိုသင်ချင်လို့ သင်နေကြတာမဟုတ်ဘူး ကျောင်းအုပ် တွေက သင့်တော်လို့
တာဝန် ပေးလို့ သင်နေကြရတာ။ ဆရာမရှိလို့ အစားထိုးပြီး ဖြည့်ဆည်းပေးနေကြရတာ။
ဒီဆရာတွေက တစ်ခါ စာမေးပွဲကျတယ်ဆိုပြီး တွဲဘက်သင်ရိုးများသာသင်ရန်လို့
ဆိုလိုက်တော့ မိဘတွေရဲ့ အ မြင်နဲ့ကြည့်ကြည့် ကျောင်းသားတွေဘက်ကကြည့်ကြည့်
ဒီဆရာ သိက္ခာတစ်ပြားသားမှမရှိတော့ဘူး။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး
ဆရာတွေရင်ထဲမှာ အတော်လေးခံစားချက်တွေဖြစ်ကုန်ကြတယ်။
Q:နိုင်ငံတော်အနေနဲ့ မတတ်တဲ့ဆရာသင်ရင် ကျောင်းသားတွေ တတ်မှာမဟုတ်ဘူးလို့ ယူဆချက်နဲ့ပတ်သက်ပြီးတော့ ဆရာကြီး ဘယ်လိုမြင်ပါသလဲ
ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် မဟုတ်ဘူးဗျ။ ကိုးတန်းသက်သက်
စမ်းသင်နေရတဲ့ဆရာတွေဟာ အစမ်းခန့် အနေနဲ့ တာဝန်တွေယူပြီး
ကျရာတာဝန်ကိုလုပ်နေပေမယ့် သူတို့ကိုကျွမ်းကျင်သူတွေပါလို့ သတ်မှတ်လို့မရ
ပြန်ဘူး။ နောက်ပြီး ကျွန်တော်တို့ ပြန်ပြီးသင်တန်းပို့ချချိန် ၅
ရက်တည်းနဲ့ကတော့ ဘယ်ဖြစ်နိုင်မှာလဲ။
စစ်ဆိုလို့ စစ်တဲ့သူတွေကလည်း အမှန်အတိုင်းလုပ်လိုက်ချိန်မှာ
ကျတာတွေဖြစ်ကိုလာရတာ။ နောက်ပိုင်း အရေးယူမှုအပိုင်းနဲ့ ဘာသာရပ်ပြန်လည်
အရုပ်သိမ်းခံရတာမျိုးတွေဖြစ်လာရတာ။ ရာထူးမလျော့ဘူး၊ လစာမလျော့ဘူး ဆိုပေမယ့်
ထိပါးသွားတဲ့သိက္ခာက ရာထူးလျော့ပြီး လစာလျော့တာထက်တောင် ဆိုးသေးတယ်။
ဆရာတွေ ဌာနက လုပ်တဲ့စာမေးပွဲမအောင်လို့ ဘာသာရပ်တွေသင်လို့မရတော့ဘူးလို့
အပြောခံရတာ ခင်ဗျားလည်း ကျောင်းဆရာဘ၀က သွားတာပဲ ခံစားကြည့်ပေါ့ဗျာ။
ဌာနဘက်ကလည်း မမှားဘူး။ ဒီဘာသာမတတ်တဲ့ဆရာတွေ ဒီကလေးတွေကိုသင်လို့
အလကားဖြစ်မှာဆိုတာ မှန်သင့်သလောက်မှန်နေတယ်။ ဒီဘက်ကလည်း လိုအပ်ချက်အရ
request လုပ်လို့သင်ပေးနေကြရတဲ့ အစမ်းခန့်တွေမှာ အများကြီး
ထိခိုက်သွားရပြန်တယ်။
Q:စစ်ဆေးမှုမှာ ကိုးတန်းက ကိုးတန်းမေးခွန်း၊ ဆယ်တန်းက ဆယ်တန်းမေးခွန်း သီးခြားဖြေရတာလား
မဟုတ်ဘူး။ ကိုးတန်းနဲ့ဆယ်တန်းမေးခွန်းကို ပေါင်းပြီးဖြေကြရတာ။
သင်တန်းရက်တိုတာရယ်၊ မကျွမ်းကျင်တဲ့အပိုင်းတွေမှာ မဖြေနိုင်တာတွေရယ်ကြောင့်
ဒီလိုအဖြစ်မျိုးနဲ့ ရင်ဆိုင်လိုက်ကြရတာပါ။ ဆယ်တန်းလက်ရှိသင် နေတဲ့ ဆရာက
မွမ်းမံမှာကျရင် အထက်တန်းဘာသာကိုယုတ်သိမ်းပြီးတော့
တွဲဘက်သင်ရိုးပေးရမယ်လို့ ညွန်ကြားချက်ထွက်တယ်။ ကိုးတန်းသင်တဲ့သူကိုလည်း
ဒီအတိုင်းပဲ အရေးယူခိုင်းတယ်။
Q:ဒီလိုအရေးယူမှုတွေကြောင့် နောက်ဆက်တွဲအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကျောင်းတွေမှာဖြစ်လာပါသလဲ
မူလကတည်းက ကျောင်းတွေမှာ ဆရာအင်အားမရှိဘူး။ ဆရာရှိပြန်တော့
ဘာသာရပ်ကျွမ်းကျင်မရှိဘူး။ ဒီလိုအခြေအနေတွေကနေ
ဘာသာရပ်ပြောင်းလို့ဆိုလိုက်ပြန်တော့ အလယ်တန်းပြတွေကို ဆွဲတင်လို့ကလည်း
ရှေ့ကလူတွေကိုနမူနာယူပြီး တက်မသင်ဝံ့ကြသလို တက်သင်ဖို့
အတင်းတာဝန်ပေးပြန်ရင်လည်း ဘာသာရပ်တစ်ခုကိုပြန်ပြီး ခုမှစလေ့လာ၊
အသစ်ကစသင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
ဥပမာ ဆယ်တန်းကလေးတွေကို ဘာသာရပ်စသင်သူလက်ထဲကို ထည့်သင့် မထည့်သင့်ဆိုတာ
ကျောင်းအုပ်တွေ အများကြီးစဉ်းစားလာရပြီ။ ပညာရေးမှာ စမ်းသပ်လို့မရတဲ့
ကာလဆိုတာရှိတယ်။ တကယ့်အကျပ်အတည်းကာလပေါ့။ မဝေးတော့တဲ့အချိန်မှာ
ဆယ်တန်းတွေဖြေကြရတော့မယ်။ ဒီအချိန်မှာ ဟိုပြောင်း သည်ပြောင်းလုပ်ရတာကတော့
ရလဒ်ကောင်းမှာ မဟုတ်ဘူးလို့မြင်တယ်။ အတွေ့အကြုံဆိုတာကို
အများကြီးထည့်စဉ်းစားသင့်တယ်။
Q:ဘာသာရပ်ဆိုင်ရာရထားတဲ့ဘွဲ့တွေနဲ့ သင်ကြားရေးမကိုက်ညီဘူး ဆိုတာနဲ့ပတ်သက်ပြီးတော့ ဆရာကြီးအမြင်ကို သိပါရစေ
ဥပမာ ဓာတုဗေဒနဲ့ဘွဲ့ရထားသူက သင်္ချာသင်နေရတယ်။ ကျောင်းတွေမှာဒါတွေအများကြီး။
သူ့ကို ငါးရက်သင်တန်းပို့ လိုက်တယ်။ စာမေးပွဲကျရော။ ဒီတော့
ကိုယ့်ဘာသာမဟုတ်လို့ကျတယ် ဆိုပြီးတော့ သူ့ကို မူလဘွဲ့ယူစဉ်က
ဓာတုဗေဒပြန်သင်ခိုင်းတာမဟုတ်ဘူး။ တွဲဘက်သင်ရိုးတစ်ခုခုပြန်သင်ရမှာ။ သူ့မှာ
သူကျွမ်း ကျင်တဲ့ဘာသာကိုပြန်ရဖို့ဆိုတာ အခွင့်အရေးကိုမရတော့ဘူး။
ကျောင်းအုပ်ကြီးတွေကလွှတ်လို့ လူမရှိလို့သင်တန်းသွားတက်လိုက်ရပါတယ် သူ့အတွက်
ဒုက္ခရောက်ရသလိုဖြစ်နေတယ်။ သင်္ချာ မသင်ဘူးပဲနဲ့
သင်္ချာအထူးပြုပြီးလာတက်တာတွေတောင်ရှိတယ်။ ဒီလိုလူမျိုးတွေ ကျတယ်ဆိုတာ
မဆန်းတော့ဘူးပေါ့။ နိုင်ငံတော်ဘက်က ဆရာ ဆရာမတွေကို
အရည်အသွေးမြှင့်ချင်လို့လုပ်တာမှန်ပေမယ့် နည်းနည်းလေးလွဲနေတယ်ထင် တယ်။
Q:ဖုတ်ပူမီးတိုက်လုပ်လိုက်ရလို့ ဒီလိုဖြစ်သွားရတယ်ဆိုရင် ဘယ်လိုပြန်ပြီးကုစားသင့်တယ်လို့ ဆရာကြီးထင်ပါသလဲ
ရက်အပြည့်သင်တန်းပေးပေါ့။ သူများတွေ ရက် ၅၀ နဲ့ သင်ကြားခွင့်ရသလို
သူတို့လည်း ရက် ၅၀ အခွင့်အရေးရသင့်တာပေါ့။ အပြည့်ပေးလို့ကျရင်
ထိထိရောက်ရောက်အရေးယူ။ နောက်ပြီး ဘာလုပ်မယ်၊ ဘာအတွက်၊ ဘာကြောင့်၊ ဘယ်လို
ဆိုတာတွေကို ဆရာ ဆရာမတွေကို တိတိကျကျပြောပြီးလုပ်ရင် ပိုကောင်းတယ်။
ဗဟိုအဆင့်နဲ့ မြို့နယ်အဆင့်မှာ မွမ်းမံရက် ကွာခြားတာ
ပထမအမှားလို့ကျွန်တော်မြင်တယ်။
Q:အရေးယူမှုအပိုင်းတွေရှိလာတော့ သက်ဆိုင်ရာဘာသာရပ်သင်ဆရာတွေကို ကျောင်းတွေကဆွဲထုတ်လို့ရပါသလား
လက်ရှိကျောင်းတွေမှာ အဲဒါကပြဿနာ။ နဂိုကမှ ဆရာမရှိရတဲ့အထဲ ထပ်ပြီးတော့
အနုတ်ခံလိုက်သလိုဖြစ်သွားပြန်တော့ စဉ်းစားသာကြည့်ပေတော့။
နောက်လူတက်ဆိုလိုက်တော့ နောက်လူကလည်း ပထမလူလောက် အတွေ့အကြုံတွေကမရှိဘူး။
အောင်မြင်စရာ အလားအလာတော့မရှိတော့ဘူး။
Q:ဒါဆိုရင် လာမယ့်တက္ကသိုလ်ဝင်တန်းအတွက် မထိခိုက်နိုင်ဘူးလား
အများကြီးထိခိုက်သွားနိုင်တယ်။ နဂိုကမှ အောင်ချက်နဲ့ ဂုဏ်ထူးထွက်ရေးအတွက်
အသည်းအသန်လုပ်နေကြရတဲ့အထဲမှာ အထာမကျသေးသူတွေဝင်လာရင်ဆိုတာ
အများကြီးတွက်ဆနေရပြီ။
Q:ထိခိုက်နိုင်တယ်ဆိုရင် ဘယ်လိုကုစားနိုင်မလဲ
ညွန်ကြားချက်ကလည်း အရေးယူရမယ်ဆိုတာရှိနေပြီ။ ဒီတော့ညွှန်ကြားချက်အတိုင်း
လုပ်ကိုလုပ်ရတော့မယ်။ အလယ်တန်းတွေကနေ ဘာသာရပ်ဆရာတွေအတင်းဆွဲထုတ်ပြန်တော့
မသင်ချင်ကြပြန်ဘူး။
ရှေ့မှာသင်ခန်းစာတွေ အများကြီးတွေ့နေရတယ်လေ။ ဘာသာရပ်ဆိုင်ရာ
မာစတာသမားတွေကိုဌာနက ခန့်ပေးနေပေမယ့် လိုအပ်ချက်နဲ့ ဖြည့်ဆည်းချက်တွေ
ရုတ်ချည်းဘယ်မှာ ပြည့်နိုင်ဦးမှာလဲ။
နောက်ပြီး စာတတ်တာနဲ့ သင်တတ်တာ မတူသေးဘူး။ ဒေါက်တာဘွဲ့ရထားပါစေ
ကလေးတွေရှေ့ထွက်ပြီး စာသင်ဖို့ဆိုတာ အများကြီး လိုအပ်ချက်တွေရှိတယ်။ Class
control တွေလိုတယ်။ ဆရာ့ဟန်၊ ဆရာ့မာန်တွေအပြင် သင်ကြားမှုဆိုင်ရာ Arts တွေ
အများကြီးလိုတယ်။ စာတတ်တာနဲ့ သင်တတ်တာတခြားစီပါ။ ခုဆိုရင်
တက္ကသိုလ်ဝင်တန်းမှာ အောင်ချက်နည်းတဲ့ ကျောင်းတွေကို ဘာသာရပ်ဆိုင်ရာ
ကျွမ်းကျင်တွေလွှတ်ပြီး ဖြည့်ဆည်းပေးနေတာမှန်ပေမယ့် လိုအပ်ချက်တွေအမှန်တကယ်
မဖြည့်ပေးနိုင်သေးဘူး။
ဘာသာရပ်မှာ master ဖြစ်တိုင်း သင်ကြားရေးမှာ master မဖြစ်နိုင်ဘူး။
လိုအပ်ချက်က ၄၀၀၀ လောက် ခန့်ထားနိုင်တာက ၁၀၀၀ လောက်ဆိုတော့ တကယ်လို့
သတ်မှတ်ချက်ပြည့်မီလာရင် တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်မယ်ထင်တယ်။ လောလောဆယ်
ပုံမှန်အတိုင်းဆက်သွားတာက အထာမပျက်ဖြစ်မယ်ထင်တယ်။
Q:ကျွန်တော်တို့ပညာရေးဌာနမှာလည်း ဆရာတွေဘက်က လွဲတာတွေ မရှိနိုင်ဘူးလား
ရှိတာပေါ့။ ဆရာတွေကိုအရည်အချင်းစစ်ရာမှာ ၅ မှတ်သာရတာတွေ၊ ရုပဗေဒဘာသာရပ်ကို
လုံးဝမတတ်ဘဲ ဆယ်တန်းမှာ တက်သင်နေတာတွေရှိတယ်။ လူကြီးတွေအနေနဲ့က မတတ်လို့သာ
မွမ်းမံရမယ်လို့ လက်ခံထားကြတယ်။ ကျောင်းတွေကလည်း ဆရာ မလုံလောက်တော့
ကျိတ်မှိတ်ပြီး သိသိကြီးနဲ့ ရင်ဆိုင်ဖြေရှင်းနေကြရင်း
ဒီလိုဖြစ်သွားရတာလည်းပါတယ်။
Q:လက်ရှိလူတွေနဲ့ပဲ ဒီအတိုင်းသွားနေခဲ့ကြလို့
ဘာများဆုံးရှုံးသွားသလဲ။ ဒီလိုနဲ့ပဲ အောင်တာတွေ၊ ဂုဏ်ထူးထွက်တာတွေဖြစ်နေတာ
နဲ့ပတ်သက်ပြီး ဆရာကြီးဘယ်လိုသုံးသပ်မလဲ
လက်တွေ့နဲ့သက်သေထူထားတာတွေအများကြီးပါ။ ဆရာကြီး ဆရာမကြီးတွေကလည်း
အချို့ဆိုရင် ပင်စင်ယူတော့မယ်။ တစ်နေ့စာတစ်နေ့ ပြင်ဆင်ပြီးသင်ရင်း
အဆင်ပြေနေကြတာ။ ဒီဆရာတွေကို ကိုယ်သင်နေတဲ့စာ ကျောင်းသားတွေလို အလွတ်
ပြန်ရွတ်ခိုင်း လို့တော့ မရနိုင်ဘူး။ ဒါကြောင့်လည်းကျကုန်ကြတာ။
အကောင်းဆုံးကတော့ဗျာ ခုဖြစ်နေတဲ့ပြဿနာမှာ ဆရာကြီး ဆရာမကြီးတွေကို
စိတ်ဓာတ်လည်းပြန်မြှင့်တင်ရာရောက်အောင် ရက်ရှည်သင်တန်းတွေပြန်ပေးကုစားပြီး
နေရာပြန်ပေးသင့်တယ်လို့ ထင်တယ်။ သူတို့ကို
တွဲဘက်သင်ရိုးတွေသွားသင်ခိုင်းလို့လည်း ပညာရေးဌာနအတွက်
ပိုပြီးထူးခြားလာမယ်မထင်ဘူး။ ပိုဆိုးသွားတဲ့အဖြေပဲ ထွက်လာမယ်။ သတိပေး။
ပြန်သင်။ ပြန်စစ် လုပ်ပေးသင့်တယ်။ သတ်မှတ်ထားတဲ့ရက်အတိုင်း သင်တန်းပေး။
ကျရင် အရေးယူပေါ့။
Q:အရေးယူမှုတွေရဲ့နောက်ဆက်တွဲမှာ ဘာတွေဖြစ်လာသလဲ
ထွက်မယ်ဆိုတာတွေများလာတယ်။ အသက်ပြည့်ကာနီးတွေ၊ လုပ်သက်ပြည့်ကာနီးတွေအပြင်
နည်းအမျိုးမျိုးနဲ့ ထွက်မယ်ဆိုတဲ့ တုံ့ပြန်ချက်တွေများလာတယ်။
ကိုယ့်ဘ၀နဲ့ရင်းပြီး မြတ်နိုးမြှုပ်နှံခဲ့တဲ့လုပ်ငန်းကို အရှက်နဲ့လဲပြီး
ထွက်မယ်ဆိုတာတွေဖြစ်လာလို့ စိတ်မကောင်းစရာတွေပဲ။
Q:နောက်ဆက်တွဲဆရာကြီးအနေနဲ့ ဘာတွေပြောချင်တာများရှိပါသေးသလဲ
ရှိတယ်။ အများကြီးရှိတယ်။ နိုင်ငံတကာနဲ့ညီအောင်
စာမေးပွဲစနစ်ကိုလျှော့ချတယ်ဆိုတာ ကျွန်တော်တို့နိုင်ငံအနေနဲ့ကတော့
သိပ်ပြီးခွင်မကျဘူးလို့ထင်တယ်။ နိုင်ငံတကာနည်းစနစ်ကိုယူပြီး Chapter End
Test တွေနဲ့သွားခဲ့ရာမှာ တကယ်တမ်း အောင်မြင်တယ်လို့ ပြောမရနိုင်တာတွေ
အများကြီးပဲ။
အဲဒီဆိုးကျိုးတွေကို ကျွန် တော်တို့ အများကြီးခံနေကြရတယ်။ အရင်က လေးတန်း၊
ရှစ်တန်း၊ ဆယ်တန်းတွေကို ဗဟိုကထိန်းချုပ်ပြီးတော့ စစ်ဆေးတဲ့
စနစ်ကိုကျင့်သုံးခဲ့ကြတာပဲ။ ဘာများမှားလို့လဲ။ ကလေးတွေရဲ့ အရည်အသွေးကို
တကယ်စစ်ဆေးတဲ့ Center တွေကထိန်းပြီး စစ်ဆေးသွားနိုင်လို့
အောင်မြင်မှုတွေရခဲ့တာပဲ။ ပေါ်လစီကစာမေးပွဲစနစ်ကိုလျှော့ဖို့ ဖြစ်နေပြီး
အကောင်အထည်ဖော်ရတဲ့အပိုင်းက စာမေးပွဲကို စနစ်တကျကျင်းပပေးချင်နေလို့လည်း
ဖြစ်မှာမဟုတ်ဘူး။ ကျောင်းတစ်ကျောင်းကနေ တစ်ကျောင်းကိုပြောင်းလာရင်တောင်
သူ့အရည်အချင်းကိုသိချင်ရင် Placement Test စစ်သင့်ရင် စစ်ရမှာ။
Q:ပညာရေးမှာ အရည်အသွေးနဲ့ပတ်သက်ပြီး ဆရာကြီးဘယ်လိုမြင်ပါသလဲ
ရှင်းနေတာပဲဗျာ။ လေးတန်းအောင်တဲ့ကလေးက မြန်မာသတင်းစာတောင် မဖတ်နိုင်ဘူး။
ဆယ်တန်းအောင်တဲ့ကလေး တစ်ယောက်ဟာ အင်္ဂလိပ်သတင်းစာမဖတ်နိုင်ဘူး။ ခင်ဗျားတို့
ကျွန်တော်တို့ခေတ်တွေမှာ ၇ တန်း လောက်နဲ့ အင်္ဂလိပ်သတင်းစာကို
မွှတ်နေအောင်ဖတ်နိုင်တယ်ဆိုတာ ဘာကြောင့်လို့ ခင်ဗျားသုံးသပ်မလဲ။ ဆရာတွေက
ဒီအတိုင်းပဲ။
အရင်ကလည်းဒီဆရာတွေပဲ သင်ပြီး ခုလည်း ဒီဆရာတွေပဲသင်နေကြတာ။
နိုင်ငံတကာစနစ်ဆိုတာ ပုံသေကူးချလိုက်လို့မရတာတွေအများကြီး။ သူ့နိုင်ငံအတွက်
အဆင်ပြေနေတာကို ကိုယ့် နိုင်ငံနဲ့ကိုက်ညီလိမ့်မယ်လို့ ပုံသေယူလို့မရဘူး။
ဒါတွေကို ကျွန်တော်တို့ထက် ပညာရှင်တွေကပိုသိပါလိမ့်မယ်။ ခွင်မတည့်တာကို
ခွင်ချလိုက်လို့ မဖြစ်သင့်တာတွေ ဖြစ်လာတယ်လို့ သုံးသပ်ရင်လည်းရတယ်။
မှတ်ချက်
၂၀၀၇ ခုနှစ်ပညာရေးဆိုင်ရာအတွေ့အကြုံတစ်ခုကို စိတ်ထဲတွင် မကျေလည်သဖြင့်
ပညာရေးအမြင်ရှိသော ဆရာကြီး ဦးသိန်းလှိုင် (တိုင်းပညာရေးမှူး အငြိမ်းစား)
နှင့် ဆွေးနွေးထားချက်များကို ပြန်လည်တင်ပြခြင်းသာဖြစ်ပါသည်။
တင်ညွန့်
အင်တာဗျူးကဏ္ဍ
မောက္ခပညာရေးမဂ္ဂဇင်း
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com