" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဒါဘယ်ကောင့် လက်ချက်လဲ (ရန်ကုန် သင်္ကြန်တွင်း ဗုံးပေါက်ကွဲမှု)


ရန်ကုန် X2O မဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှ မြင်ကွင်းတစ်ခု
စာဖတ်ပရိတ်သတ်များခင်ဗျား

ယခုနှစ် အတာသင်္ကြန်ပွဲမှာ ဖြစ်ပွါးခဲ့တဲ့ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ပင်တိုင်ဆောင်းပါးရှင် ဗိုလ်သိုးထိန်းက “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်သို့ ဆောင်းပါးတစ်ပုဒ် ပေးပို့လာရာ ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ ဒီဆောင်းပါး မှာ ကမ္ဘာအေးတွင် တရုတ်ပြည်မှ ပင့်ဆောင်လာသော စွယ်တော်ဘုရား ဗုံးပေါက်ကွဲမှုဖြစ်စဉ်၊ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးရဲ့အိမ် ဗုံးပေါက်ကွဲမှုဖြစ်စဉ်၊ အတွင်းရေးမှူး (၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဉ်၊ ၂၀၀၅ မေလက ထိုင်း - မြန်မာ ကုန်စည် ပြပွဲ၊ မြေနီကုန်း ဒဂုံစင်တာ၊ မရမ်းကုန်း (Junction 8) တို့မှ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ၊ တက္ကသိုလ်ရိပ်သာလမ်းကြီးထဲမှ နေ့ခင်းကြောင်တောင် လူသတ်မှု ဖြစ်စဉ်၊ ယခု သင်္ကြန်ဗုံးပေါက် ကွဲမှု ဖြစ်စဉ်တွေအပေါ် နအဖက တရားခံအား သက်သေ ခိုင်လုံစွာ ဖော်ထုတ်နိုင်ခြင်း မပြုပုံ၊ သင်္ကြန် ဗုံးပေါက်ကွဲမှုကြောင့် နအဖက အကျိုးအမြတ်တွေ ဘယ်လို ရရှိသွားနိုင်ပုံ စတာ တွေကို သုံးသပ် တင်ပြထားပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ပင်တိုင်ဆောင်းပါးရှင် ဗိုလ်သိုးထိန်းအား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူးတင်ရှိပါကြောင်း အဖွဲ့သားများ ကိုယ်စား ဂုဏ်ပြုမှတ်တမ်းတင် ဖေါ်ပြအပ် ပါတယ်။
“ဒါ ဘယ်ကောင့် လက်ချက်လဲ”
ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း

၂၀၁၀ ကြီးကတော့ တကယ့်ကို ဂြိုလ်ဆိုးဝင်နေပါပြီ။ ဟိုး ရှေးဘုရင်များ လက်ထက်ကတည်းက နှစ်စဉ်ကျင်းပခဲ့တဲ့ အတာ သင်္ကြန်ပွဲကြီး … နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့ ဆေးကြောတယ် ဆိုတဲ့ အယူအဆများနဲ့ ချစ်စရာ အတာ သင်္ကြန်ပွဲကြီး … အခုတော့ဖြင့် အပြစ်မဲ့ ပြည်သူများရဲ့ သွေးနဲ့ ဆေးကြောခဲ့ရပါပြီ။
သွေးသံရဲရဲနဲ့ သေဆုံး ဒဏ်ရာရတဲ့ ပြည်သူတွေကို ကြည့်ပြီး အဲဒီနေရာမှာသာ ငါ့မိဘ မောင်နှမ ဆွေမျိုးသားချင်းတွေ ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက ကျွန်တော့်ရဲ့ ဒေါသတွေကို ပိုမို ဆူဝေစေခဲ့ပါတယ်။ ဒီသတင်း ကြားကြားချင်းကို ဒေါသတွေ ဆူဝေထွက်ခဲ့ရပေမဲ့လို့ ဘယ်သူ့ကို ဒေါသထွက်လို့ ထွက်ရမှန်းမသိ၊ ဘယ်ကောင့်ကို အော်ဆဲလို့ ဆဲရမှန်း မသိနဲ့ ဒေါသ တွေဟာ ထွက်ပေါက်မရှိ ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ … ဒါဟာ အဖြေ မဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော် ခေါင်းအေးအေးနဲ့ အဖြေတစ်ခု ထုတ်ဖို့ ကြိုးစား ကြည့်တယ်။ အဲဒီ အဖြေရဲ့ မေးခွန်းက -
“ဒါ ဘယ်ကောင့် လက်ချက်လဲ ?”
ဒီမေးခွန်းကို အဖြေရအောင် ထုတ်ဖို့က ပထမဆုံး -
  • ဒီဗုံးပေါက်ကွဲမှုကြောင့် ဘာအကျိုးအမြတ်တွေ ရှိမလဲ?
  • ဒီအကျိုးအမြတ်က ဘယ်သူတွေ အတွက်လဲ?
  • ဆိုတာတွေကို အခြေခံကျကျ သုံးသပ်ကြည့်ဖို့ လိုလာတယ်။ အရာအားလုံးဟာ အကျိုးတရားအတွက် အကြောင်းတရား ဖြစ်လာသလို ၎င်း အကြောင်းကြောင့်လဲ အကျိုးတရား ဖြစ်လာရတယ် ဆိုတဲ့အတွက် ဗုံးပေါက်ကွဲမှုရဲ့ အကျိုးတရားများဟာ တရားခံ ဘယ်သူ ဆိုတာကို သုံးသပ် ဖော်ထုတ်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

    ဒါကြောင့် ဒီဆောင်းပါးလေး အဆုံးမှာတော့ အဖြေတစ်ခု အသေအချာ ထွက်လာမှာဘဲလို့တော့ အားတင်းရင်း သုံးသပ်ရပါ တော့တယ်။ ဒါပေမဲ့ ဒီအဖြေဟာ ဘာသက်သေ အထောက်အထားမှတော့ မရှိဘဲ အခြေခံကျတဲ့ ယုတ္တိဗေဒနည်းနဲ့ ရှင်းလင်း ဖော်ထုတ်ထားခြင်းသာ ဖြစ်တယ် ဆိုတာတော့ စာရေးသူကျွန်တော် ၀န်ခံရပါလိမ့်မယ်။

    ဒီဆောင်းပါး ရေးနေတဲ့ အချိန်မှာတော့ နအဖဘက်က ဘာသတင်းထုတ်ပြန်မှုမှ တိတိကျကျ မလုပ်နိုင်သေးဘဲ နှုတ်ဆိတ်နေရဆဲပါ။ သတင်း ထုတ်ပြန်ခဲ့မယ်ဆိုရင်လဲ “နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှုကို မနာလို မရှုစိမ့်တဲ့ အနောက်နိုင်ငံ သြဇာခံ အဖျက်သမား တစ်စုရဲ့ လူမဆန်တဲ့ လုပ်ရပ်” ဆိုပြီးတော့သာ မရေရာတဲ့ ရှင်းလင်းမှုတွေနဲ့ ပြီးဆုံးသွားဦးမှာပါ။

    ဒီတော့ အကြမ်းဖက်မှုတိုင်း သူတို့ စွပ်စွဲလေ့ရှိတဲ့ လက်နက်ကိုင် တောတွင်း အတိုက်အခံ အဖွဲ့အစည်းများကို စပြီး သုံးသပ်ကြည့်ရအောင်။ ဒီလို သင်္ကြန်တွင်း ဗုံးဖောက်ခွဲမှုကြောင့် တောတွင်း အတိုက်အခံ အဖွဲ့အစည်းများ အနေနဲ့ ဘာအကျိုးတွေ ရနိုင်မလဲ။ သူတို့ ရနိုင်တဲ့ အကျိုးအမြတ်က -

    နအဖ လက်ထက်မှာ နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှု မရှိဘူး ဆိုတာကို နိုင်ငံတကာက သိရှိသွားစေမယ်။ နအဖ ခေါင်းကြီးပိုင်းကို တစုံတရာသော အတိုင်းအတာ တစ်ခုအထိ ထိတ်လန့် တုန်လှုပ်သွားစေနိုင်တယ်။ ဒီဗုံးပေါက်ခွဲမှုမှာ ဦးသန်းရွှေ အပါအ၀င် လက်အောက်ခံ စစ်ဖက်ခေါင်းဆောင်များ ကျဆုံးသွားရင် အုပ်ချုပ်မှု ယန္တရားကြီး ပြိုပျက်သွားမယ်။ ဒါ သူတို့ ရနိုင်တဲ့ အကျိုးအမြတ်။ ဒီထက်ပိုပြီး သူတို့ ဘာမှ မရနိုင်ဘူး။

    အဲ့ဒီ အကျိုးအမြတ်တွေကြောင့် သူတို့ ဗုံးဖေါက်ခွဲသည် ဆိုပါစို့။ နိုင်ငံတွင်း တည်ငြိမ် အေးချမ်းမှုမရှိကြောင်း နိုင်ငံတကာကိုပြဖို့ လုံခြုံရေး အလွန်ထူထပ်သည့် ကန်တော်ကြီး ကန်ပတ်လမ်းမှာ လာ၍ ဗုံးဖေါက်ခွဲစရာ မလို။ ၎င်းနေရာတွင် ဗုံးသုံးလုံး ဆက်တိုက် ဖေါက်ခွဲမည့်အစား လှိုင်သာယာမှာ တစ်လုံး၊ မြောက်ဥက္ကလာပမှာ တစ်လုံး၊ မြောက်ဒဂုံမှာ တစ်လုံး တပြိုင်နက် သုံးလုံး ချိန်ကိုက် ဖေါက်ခွဲလိုက်ရုံပင်။ ၎င်းမြို့နယ်များမှာ ဘာလုံခြုံရေးမှ တင်းကျပ်မှုမရှိ။ သက်တောင့်သက်သာနဲ့ဘဲ မြန်မာပြည်မှာ တည်ငြိမ် အေးချမ်းမှု မရှိကြောင်း ပြလိုက်ရုံပင်။

    စစ်တပ်ခေါင်းကြီးပိုင်းကို ကျဆုံးစေရန်၊ ထိတ်လန့်စေရန် ပြုလုပ်လိုပါက ကန်တော်ကြီး ကန်ပတ်လမ်း လုံခြုံရေးစည်းအား ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ပြီဆိုမှတော့ မြို့တော်ဝန် မဏ္ဍပ်လို နေရာမျိုး၊ နေပြည်တော်လို နေရာမျိုးတွေကို ဘာကြောင့် အဓိက ပစ်မှတ် မထားနိုင်ရမည်နည်း။

    ကျွန်တော်ဆိုလိုသည်မှာ နအဖ စွပ်စွဲနေကျ အနောက်သြဇာခံ အဖျက်သမား၏ လက်ချက် ဆိုပါလျှင် ယခု ကန်ပတ်လမ်း ဗုံးဖေါက်ခွဲမှုမှာ ၎င်းအဖျက်သမားများအတွက် အကျိုးအမြတ် ကြီးကြီးမားမား မရှိသည်ကို တွေ့ရမည်ပင်။

    ထို့ထက်ပိုပြီး ကျွန်တော်မတင်မကျ ဖြစ်နေတဲ့ အချက်မှာ ဧပြီ (၁၅) ရက်နေ့ (သင်္ကြန် အကြတ်နေ့) တွင် ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွါးပေမဲ့ နောက်နေ့ (သင်္ကြန်အတက်နေ့) တွင် ဗုံးပေါက်ကွဲမှုနှင့် အနီးဆုံးမဏ္ဍပ်ဖြစ်သော X2O ရေကစားမဏ္ဍပ်တွင် ရေဆက်ကစား နေခြင်းပင်။ နအဖက ၎င်းဧရိယာကို ကန့်သတ်နယ်မြေ ပြုလုပ်ပြီး ဗုံးပေါက်ကွဲမှုအား စစ်ဆေးခြင်းတွေ မပြုလုပ်တော့ဘူးလား။

    ဗုံးဘယ်နှစ်လုံး ထောင်ထားသည်ကို ကြိုတင်သိနေသည့်ပုံမျိုး ဖြစ်မနေဘူးလား။ ရန်ကုန်တစ်မြို့လုံး ဗုံးသုံးလုံး အောင်အောင်မြင်မြင် ပေါက်ကွဲတယ်။ ဒါကြောင့် နောက်နေ့ ရေဆက်ကစားနိုင်ပြီဆိုတဲ့ အတိုင်းပင်။ သေချာတာက ဗုံးသုံးလုံးကွဲပြီးရင် နောက်ထပ် ပေါက်ကွဲစရာမရှိကြောင်း သိနေသကဲ့သို့ ရေဆက်ကစားခွင့် ပြုထားသည် မဟုတ်ပါလား။

    နအဖ ပြောသလို အဖျက်သမားများရဲ့ လုပ်ရပ် အစစ်အမှန်သာ ဆိုပါက ဗုံးသုံးလုံးကွဲပြီးတဲ့ အချိန်မှာ နအဖကြီးဟာ ပြူးတူးပြဲတဲ ဖြစ်နေပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အရေးကြီး မဏ္ဍပ်တွေကို ပိတ်လိုက်ဖို့ ညွှန်ကြားချက် ထုတ်ပြီးလောက်ပြီ။ ဒါသဘာဝတရားလေ။ နောက်ထက် ဘယ်ဗုံးများ ထပ်ကွဲမလဲဆိုတာ စိုးရိမ်စရာ မဟုတ်ပေဘူးလား။ အကြမ်းဖက်သမား တွေရဲ့ နောက်ထပ်ပစ်မှတ်ဟာ မြို့တော်ဝန်မဏ္ဍပ် ဖြစ်သွားနိုင်တယ်။ နေပြည်တော် ဖြစ်သွားနိုင်တယ် မဟုတ်ပေဘူးလား။ ဒါပေမယ့် နအဖကတော့ X2O မဏ္ဍပ်မှာ ရေပြန်ကစားခွင့်တောင် ပြုထားသေးတယ်။

    နဝတ၊ နအဖ လက်ထက်မှာ ယခုဗုံးပေါက်ကွဲမှုဟာ ပထမဆုံး မဟုတ်ပါ။ ဖြစ်စဉ်များ အကြိမ်ကြိမ် ရှိခဲ့ဖူးပါတယ်။ ဘယ်သော အခါမှလည်း တိတိကျကျ “လက်သည်” ပေါ်သည် မရှိခဲ့ပါ။ ပို၍ ထူးခြားတာက ဗုံးပေါက်ကွဲမှုတိုင်း၊ အကြမ်းဖက်မှုတိုင်းမှာ နအဖရဲ့ ခြေရာလက်ရာ မထင်ခြင်းပင်။

    ကမ္ဘာအေးတွင် တရုတ်ပြည်မှ ပင့်ဆောင်လာသော စွယ်တော် ဗုံးပေါက်ကွဲမှု၊ ဗိုလ်ချုပ်တင်ဦး၏အိမ် ဗုံးပေါက်ကွဲမှု၊ ဗိုလ်ချုပ် တင်ဦး ရဟတ်ယာဉ် ပျက်ကျမှု၊ ၂၀၀၅ မေလက ထိုင်း - မြန်မာ ကုန်စည်ပြပွဲမှ ဗုံးပေါက်ကွဲမှု၊ တက္ကသိုလ်ရိပ်သာလမ်းကြီး ထဲမှ နေ့ခင်းကြောင်တောင် လူသတ်မှု၊ ယခု သင်္ကြန်ဗုံးပေါက်ကွဲမှု အားလုံးလက်သည် မပေါ်။

    ကမ္ဘာအေးတွင် တရုတ်ပြည်မှ ပင့်ဆောင်လာသော စွယ်တော် ဗုံးပေါက်ကွဲစဉ်က ဦးစွာ ဗုံးပေါက်ကွဲမှုကို စစ်ဆေးရေး ဝင်ရ မဲ့သူမှာ ဗိုလ်ချုပ်တင်ဦးဖြစ်ကြောင်း ကြိုသိလို့ ဗိုလ်ချုပ်တင်ဦး လာရောက်စစ်ဆေးချိန်နဲ့ တိုက်ဆိုင်ထားပြီး နာရီဝက်ခြားကာ ချိန်ကိုက်ဗုံး ထပ်မံ ပေါက်ကွဲခဲ့ပြန်တယ်။ ကံအားလျော်စွာဘဲ ဗိုလ်ချုပ်တင်ဦးတစ်ယောက် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရတယ်။ ဘာကြောင့် ဗိုလ်ချုပ်တင်ဦးကိုမှ ရွေးပြီး လုပ်ကြံရသလဲ။ ဗိုလ်သန်းရွှေကိုသာ အဓိက ပစ်မှတ်ထား တိုက်ခိုက်ရမှာ မဟုတ်ပေ ဘူးလား၊ စဉ်းစားကြည့်တာပါ။

    ဒါ့ထက်ပိုပြီး တိုက်ဆိုင်ပြန်တာက ဗိုလ်ချုပ်တင်ဦးရဲ့ နေအိမ်သို့ စာအိတ်ဗုံး ပေးပို့ကာ ထပ်မံလုပ်ကြံမှု ဖြစ်ပါတယ်။ ကံဆိုးစွာနဲ့ ဦးတင်ဦးသမီးက ဖွင့်မိလို့ ဗုံးပေါက်ကွဲကာ သေဆုံး သွားခဲ့ရတယ်။ ဒါလည်း ဘယ်သူ့လက်ချက်ဖြစ်မယ် ထင်သလဲ။ သာမန်အရပ်သားများ စစ်တပ်ဗိုလ်ချုပ်ကြီးများ နေအိမ်သို့ စာ/ပါဆယ် ပို့ချင်တိုင်း ပို့လို့ရပါသလား။ ပို့လို့ရတယ် ဆိုလျှင်လည်း လုံခြုံရေး စစ်ဆေးမှု မရှိဘဲ အိမ်ထဲ ရောက်နိုင်ပါမည်လား။ ရောက်နိုင်လျှင် ပြောပါ၊ ပစ်ပစ်နှစ်နှစ် ဆဲထားတဲ့ စာတစ်စောင် တပ်ချုပ်ကြီးထံ ပို့ချင်လို့ပါ။

    အဲ့ဒီတော့ ဗိုလ်ချုပ်တင်ဦးရဲ့ အိမ်အတွင်းသို့ ဘယ်သူက ပို့ခြင်းကြောင့် စာ/ပါဆယ်ထုတ် ရောက်သွားရပါသလဲ။ ဤမျှ သဲလွန်စ တပုံတပင်နှင့် စာအိတ်ဗုံးပေါက်တဲ့ အမှုကြီးလည်း လက်သည်မပေါ်။ နောက်ဆုံး ဗိုလ်ချုပ်တင်ဦး စီးတဲ့ ရဟတ်ယာဉ် ပျက်ကျတော့မှပင် ကိစ္စ ပြတ်သွားပါတော့တယ်။ အော်….. ရာသီဥတုကြောင့် ရဟတ်ယာဉ် ပျက်ကျသွား သကိုး…..။ တယ်ကောင်းတဲ့ အကြောင်းပြချက်။ ကရင်ပြည်နယ် ဘားအံနေရာလိုမျိုးက မြူနှင်းတွေ ပိန်းပိတ်နေတဲ့ ရာသီဥတုမျိုး ဆိုတော့…။ ဟားဟား တွေးကြည့်ရင် ရယ်ဖို့တောင် ကောင်းသေး။ ဒါပေမဲ့ ဗိုလ်တင်ဦး ဖြေသာပါသေးတယ်။ ဗိုလ်ခင်ညွန့်လို မသေမရှင် ဘ၀ပျက်သွားတာနဲ့ စာရင်ပေါ့လေ။

    ၂၀၀၅ ခုနှစ် မေလ ၇ ရက်နေ့မှာ ပေါက်ကွဲခဲ့တဲ့ ထိုင်း - မြန်မာ ကုန်စည်ပြပွဲနဲ့ ကုန်တိုက်ကြီး (၃) ခုမှာ ၅ မိနစ်ခြားစီ ပေါက်ခဲ့တဲ့ ချိန်ကိုက်ဗုံး…။ အဲ့ဒီတုန်းကတော့ သတင်း ထုတ်ပြန်မှုတွေ ထလုပ်တယ်။ ဘယ်အဖွဲ့အစည်းက ဘယ်သူနဲ့ ဘယ်အဖွဲ့အစည်းက ဘယ်သူတွေရဲ့ လက်ချက်၊ ညွှန်ကြားသူက ဘယ်သူ ဆိုပြီးတော့။ ဒါပေမဲ့ နအဖ စွပ်စွဲလိုက်တဲ့ ဗုံးဖောက်ခွဲသူ ထဲက တစ်ယောက်က ဘန်ကောက်မှာ နာတာရှည်ရောဂါဖြစ်ပြီး ဆေးရုံတင်ထားရတာကို နအဖ မသိလိုက်ခြင်းပင်။ ဗုံးပေါက်ကွဲတော့ စွပ်စွဲခံရသူက ဘန်ကောက် ဆေးရုံပေါ်မှာ။ သူ့နာမည် နအဖ သတင်းစာ ရှင်းလင်းတဲ့ အထဲမှာ ပါလာတော့ အံ့သြလွန်းလို့ ပက်လက်ဖြစ်နေရာကနေ ငုတ်တုတ် ထထိုင်သတဲ့ဗျာ … ကဲ စဉ်းစားကြည့်တော့ ဘယ်လောက် ဗြောင်လိမ် ဗြောင်စား နိုင်သလဲ ဆိုတာ။

    နောက်တစ်ခုက တက္ကသိုလ်ရိပ်သာလမ်းထဲမှာ ဖြစ်ပွားခဲ့တဲ့ တစ်မိသားစုလုံးကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်သွားတဲ့ အမှု၊ အချိန်က နေ့ခင်းကြောင်တောင်ကြီး၊ သေနတ်သံ ဆက်တိုက်ကြားပြီး ကားမှန်စတစ်ကာ အပြည့်ကပ်ထားတဲ့ ကားအနက်ကြီးနဲ့ မောင်းထွက်သွားသတဲ့။ မျက်မြင်သက်သေ အားလုံးရှိတယ်။ ဒါပေမဲ့ အခုအချိန်ထိ တရားခံ မပေါ်။ ရန်ကုန်မြို့မှာ စတစ်ကာကပ် စီးခွင့်ရှိတဲ့ ကားအနက် ဘယ်နှစ်စီး ရှိမယ် ထင်သလဲ။ ဆားပုလင်း နှင်းမောင် မပြောနဲ့၊ ဦးစံရှားလောက်နှင့်ပင် အလုပ်ဖြစ်လောက် ပါတယ်။ ဒါပေမဲ့ တရားခံ လက်မတင်ကြီးကို လွတ်သွားသတဲ့လေ။

    ဤသို့ ဤပုံနှယ် မြန်မာပြည်ကြီးမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ လူသိရှင်ကြား ကိစ္စကြီးတွေပါဘဲ။ တစ်ခါမှလည်း လက်သည်မပေါ်ပါ။ နအဖရဲ့ ထောက်လှမ်းရေး နည်းပညာတွေများ ညံ့နေလို့လား။ အဲ့ဒီလိုလည်း ညံ့မယ် မထင်။ စက်တင်ဘာ အရေးအခင်းတုန်းက ထွက်ပြေးပုန်းရှောင်နေတဲ့ ကျောင်းသား ခေါင်းဆောင် တစ်ဦးကို လူဦးရေ (၇) သန်း နေထိုင်သော ရန်ကုန်မြို့အတွင်းမှာ လိုက်ရှာလိုက်ရာ ခဏနဲ့ မိခဲ့တယ်။ ဆိုသလောက် မညံ့ပါဘူး။ ညံ့များ ညံ့တော့ ရန်ကုန်မြို့ လယ်ခေါင်မှာ နေ့ခင်းကြောင်တောင် ဓါးနဲ့ ထိုးမသတ်ဘဲ သေနတ်နှင့် ပစ်ချင်တိုင်း ပစ်ပြီး ကားမောင်းထွက်သွားတာကိုပင် မိအောင် မဖမ်းနိုင်ပါတဲ့။ ညံ့စရာရှိက ဤကဲ့သို့ကို ပက်ပက်စက်စက် ညံ့ပါတော့တယ်။

    အခုလည်း သင်္ကြန် အကြတ်နေ့ကြီး ဗုံးပေါက်ကွဲပြန်ပါပြီ။ အစပိုင်းက တင်ပြခဲ့သလို ဗုံးသုံးလုံး ကွဲပြီးလို့ရှိရင် နောက်ထပ် ပေါက်စရာ ဗုံးမရှိတော့တာ သိနေသကဲ့သို့ ရေဆက် ကစားခိုင်းတယ်။ ဘယ်သူတွေကို အပြစ်ပုံချပြီး ဘယ်သူတွေကို အကြောင်းမရှိ အကြောင်းရှာ ထောင်ထဲ ထည့်ဦးမယ် မသိ။

    ဒီတော့ ပြန်သုံးသပ်ကြည့်ရအောင်။ သင်္ကြန်တွင်း ဗုံးပေါက်ကွဲမှုမှာ နအဖ အတွက် ဘာအကျိုးအမြတ် ရခဲ့သနည်း။ ကျွန်တော် တွေးကြည့်ပါမယ်။

    “ကြည့်စမ်း တစ်နှစ်မှာ တစ်ခါပျော်ရတဲ့ ဒီလိုရိုးရာပွဲမျိုးမှာမှ လာဗုံးခွဲရတယ်လို့ ပြည်ပအသံလွှင့် ဌာနတွေက ပြောသလို နအဖက လုပ်တာတော့ မဖြစ်နိုင်ဘူး။ ဒဏ်ရာရတဲ့ အထဲမှာ စစ်ဒေသမှူးတောင် ပါသေးတာဘဲ၊ ကြည့်ပါလား တပ်ချုပ်ကြီးဆို ရေကစားနေလိုက်တာ ပျော်လို့ ရွှင်လို့။ နောက်တစ်ခုက သင်္ကြန်ပွဲ ဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ ပျော်ပွဲရွှင်ပွဲ၊ ဒါကို ဖျက်ဆီးတာဆိုရင် ခရစ်ယာန် အများစုဖြစ်တဲ့ KNU စနက်ကြောင့် ဖြစ်မယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ခဏ ခဏ ကန့်ကွက်နေတယ်။ ပြည်ပအတိုက်အခံတွေပေါ့၊ ဒါကို မပျက် ပျက်အောင် ဖျက်နေတာ ဖြစ်မယ်။ မင်းတို့လို အကြမ်းဖက်တွေက ကန့်ကွက်တဲ့ ရွေးကောက်ပွဲကို ငါတို့က ထောက်ခံလိုက်မယ်” ဒီလို အတွေးအခေါ်မျိုးတွေသာ ပြည်သူတွေ တွေးမိသွားလို့ကတော့ နအဖ ရလိုက်တဲ့ အကျိုးအမြတ်က အတိုင်းအဆအလွန် ဖြစ်သွားလိမ့်မယ်။ နောက် အကျိုးအမြတ် တစ်ခုက အဲဒီဗုံးပေါက်ကွဲလိုက်တဲ့ အချိန်မှာ နအဖရဲ့ မျက်စိဆံပင်မွှေး စူးနေတဲ့ လက်ကျန် ခေါင်းဆောင်များကို မသင်္ကာမှုနဲ့ ဖမ်းထိန်းလိုက်လို့ ရပြီ။

    ဒီ လက်ကျန် ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ရာ ရွေးကောက်ပွဲကြီးကလည်း နီးနေတဲ့အတွက် အကြမ်းဖက်မှု ခေါင်းစဉ်နဲ့သာ ထိမ်းသိမ်းလို့ ရတော့မယ်။

    အဲဒီတော့ ဒီသင်္ကြန်ဗုံးပေါက်ကွဲမှုကြီးရဲ့ အကျိုးအမြတ်ကို ပြန်သုံးသပ်ကြည့်လိုက်တဲ့အခါ နအဖအတွက်က အကျိုးအမြတ် သိပ်ကြီးမားနေတာကို တွေ့လိုက်ရတယ်။

    ကျွန်တော် ဒီလောက်ပဲ ပြောချင်ပါတယ်။ အခုဆိုရင် ကျွန်တော့်ရင်ထဲမှာ ဖြစ်နေတဲ့ ဒေါသအား တစ်နေရာရာကို ပို့လို့ရသွားပါပြီ။ ကဲ … ငါ့မှာ အဖြေရှိပြီ ပြောစမ်း …

    “ဒါ ဘယ်ကောင့်လက်ချက်လဲ ? ”

    သိုးထိန်း

    (စာကြွင်း - ဒီဆောင်းပါးလေး ရေးနေတဲ့အချိန်မှာကို နအဖက တရားခံဖော်ထုတ်နိုင်သူအား ဆုငွေ ၁၀ သိန်း ချီးမြှင့်မယ်လို့ အမိန့်ထုတ်သတဲ့။ ကြည့်လဲ လုပ်ကြပါဦးဗျာ ... ပြည်သူတွေကို ဂျိမ်းစ်ဘွန်းလို့ ထင်နေတာ အကြောင်း မဟုတ်ဘူး … စွမ်းအားရှင်က ငွေ ၁၀ သိန်း ထုတ်ယူပြီး NLD က ထောင်ထဲ ရောက်နေပါဦးမယ် …)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...