" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဗိုလ်ချုပ်အောင်ဆန်းရဲ့  အာဇာနည်နေ့ 

အသက်သွေးချွေးများစတေး၍ဖြစ်တည်လာခဲ့သည့်အာဇာနည်နေ့

နိုင်ငံတိုင်းတွင် မေ့ပျောက်မရနိုင်သည့်သမိုင်းဝင်ဖြစ်ရပ်များစွာရှိပေသည်။ မေ့မရနိုင်သည့်ပျော်ရွှင်ဖွယ်ရာဖြစ်ရပ်များ၊၀မ်းနည်းကြေကွဲစရာဖြစ်ရပ်များစသည်ဖြင့်မြောက်များစွာရှိကြပါသည်။နိုင်ငံတိုင်းတွင်သမိုင်းဖြစ်ရပ်များကိုအလေးအနက်ထားကာမှတ်တမ်းတင်ခြင်း၊ နေ့ထူးနေ့ရက်များအဖြစ်သတ်မှတ်ကာ နောင်လာနောက်သားတို့ မှတ်သားသင်ခန်းစာယူနိုင်ရန် စီစဉ်ထားကြပါသည်။ မိမိနိုင်ငံကိုပိုမိုခေတ်မှီတိုးတက်လာစေရန်အတွက် သမိုင်းမှဖြစ်ရပ် များကို သင်ခန်းစာယူနိုင်ကြစေရန်ဖြစ်ပါသည်။ကျွန်ုပ်တို့မြန်မာနိုင်ငံတော်တွင်လည်း သမိုင်းဝင်ဖြစ်ရပ်များစွာရှိခဲ့ပါသည်။ နိုင်ငံတော်ကို ကိုယ့်ထီးကိုယ့်နန်းဖြင့် လွတ်လပ်စွာအုပ်ချုပ်နိုင်ရန်အတွက် ကျွန်ုပ်တို့ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ အသက်ပေါင်းများစွာစတေးခဲ့ရသည်။ ထိုသို့ခါးသီးလှသော သူ့ကျွန်ဘ၀မှဖြစ်ရပ်များကိုသင်ခန်းစာယူ၍ယခုခေတ်လူငယ်များအနေဖြင့်လွတ်လပ်သော နိုင်ငံတော်ကြီး ရေရှည်ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသောဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းရန်လိုအပ်ပါသည်။ မြန်မာပြည်သူပြည်သားများ လွတ်လပ်စွာ နေထိုင်နိုင်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ပုဂ္ဂိုလ်အမြောက်အများ သွေးမြေကျခဲ့ရသည်။ထိုသို့ အသက်၊ သွေး၊ ချွေးပေါင်းမြောက်မြားစွာဖြင့်ရင်းနှီးရယူခဲ့ရသော လွတ်လပ်ရေးကြီး အရှည်တည်တံ့နိုင်ရေးမှာ မြန်မာနိုင်ငံတွင်မှီတင်းနေထိုင်သမျှသောမြန်မာနိုင်ငံသားတိုင်း၏သမိုင်းပေးတာဝန်တစ်ရပ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသမိုင်း၏ မေ့ဖျောက်မရနိုင်သော ၀မ်းနည်းဖွယ်ရာသမိုင်းဝင်နေ့တစ်ရက်ဖြစ်သည့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လကား ယခုဆိုလျင် ၆၃ နှစ်ပြည့်လေပြီ။ မြန်မာနိုင်ငံ တည်ရှိနေသ၍ မေ့ဖျောက်မရနိုင်သောနေ့တစ်ရက်ပင်ဖြစ်ပေသည်။ ထိုနေ့ကားတစ်ခြားမဟုတ် ၊ မြန်မာ နိုင်ငံလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်း ဆောင်ကြီးများကို နယ်ချဲ့လက်ပါးစေအပေါင်းအပါတစ်စုက ရက်စက်ယုတ်မာစွာလုပ်ကြံသတ်ဖြတ်လိုက်သည့်နေ့ပင်ဖြစ်လေသည်။ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများသွေးမြေကျခဲ့ရသည့် နှစ်စဉ်ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်၍ ဂုဏ်ပြုမှတ်တမ်းတင်ရင်း၊ ၀မ်းနည်းခြင်းအထိမ်းအမှတ်များပြုလုပ်ကျင်းပနေသည်မှာ ယနေ့တိုင်ပင်ဖြစ်ပါသည်။ ယနေ့ခေတ်လူငယ်များ အာဇာနည်နေ့နှင့်ပတ်သက်သော အကြောင်းအချက်အလက် များကို သိရှိစေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ပုဂ္ဂိုလ်ကြီးများအကြောင်းကိုသိရှိစေပြီး အတုယူနိုင်စေရန်အတွက် အာဇာနည်ပုဂ္ဂိုလ်ကြီးများ အကြောင်းကို ရေးသားဖော်ပြသွားပါမည်။
မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း(၁၉၁၅ – ၁၉၄၇)
ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားဝတ်စုံဖြင့်တွေ့ရပုံ
ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားဝတ်စုံဖြင့်တွေ့ရပုံ
မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို ၁၉၁၅ ခုနှစ်၊ ဖေဖ၀ါ ရီလ ၁၃ ရက် စနေနေ့တွင်ဖွားမြင်သည်။ မြန်မာသက္ကရာဇ်မှာ ၁၂၇၆ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက်နေ့ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားရာဇာတိမှာ တောင်တွင်းကြီးခရိုင်၊ နတ်မောက်မြို့ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အမိနှင့်အဖတို့မှာ ရှေ့နေကြီး ဦးဖာ နှင့် ဒေါ်စု ဖြစ်ပြီး မိသားစုတွင်အငယ်ဆုံးသားဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့ကျွန်မခံလိုသည့် ရဲရဲနီသည့်မြန်မာ့သွေးရှိသည့်မျိုးရိုးစဉ်ဆက်မှ ပေါက်ဖွားလာသူတစ်ဦး ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏အဖိုးမှာ နက်ချဲ့ တော်လှန်ရေးသမားကြီး ဗိုလ်မင်းရောင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ အမိ၊ အဖ တို့ကအကိုဖြစ်သူ အောင်သန်း အမည်နှင့် လိုက်ဖက်စေရန်အတွက် အောင်ဆန်း ဟုအမည်ပေးခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းကို မိသားစုနှင့်အတူတွေ့ရစဉ်
ဗိုလ်ချုပ်အောင်ဆန်းကို မိသားစုနှင့်အတူတွေ့ရစဉ်
ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၇ နှစ်အရွယ်တွင် နတ်မောက်မြို့ ဆရာတော်ဦးသောဘိတကျောင်းတွင် စာရေးစာဖတ်သင်ခဲ့ပါသည်။ ထို့နောက် အသက် ၁၃ နှစ်အရွယ် တွင် ရေနံချောင်းမြို့  အမျိုးသားအထက်တန်းကျောင်းသို့ပြောင်း၍ ပညာသင်ကြားခဲ့ပါသည်။ ၁၉၃၂ ခုနှစ်တွင် ရေနံချောင်းမြို့  အမျိုးသားအထက်တန်းကျောင်းမှ ၁၀ တန်း စာမေးပွဲကိုအောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်တွင်ပညာဆက်လက်သင်ကြားခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားဘ၀မှစ၍ နယ်ချဲ့ ကိုတော်လှန်သည့် လုပ်ရပ်များကို စတင်လုပ်ဆောင်ခဲ့ပါသည်။ ၁၉၃၅ မှ ၁၉၃၆ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်သမဂ္ဂအမှုဆောင်အဖွဲ့ဝင်နှင့် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်နေစဉ် နယ်ချဲ့ အင်္ဂလိပ်တို့၏မတရားဖိနှိပ်မှုကို သရော်လှောင်ပြောင်သောဆောင်းပါးဖြစ်သည့် Hell Hound at Large အမည်ရှိ ငရဲခွေးကြီးလွတ်နေသည် ဟူသောဆောင်းပါးကိုဖော်ပြခဲ့ပြီး ၊ ရေးသားသူအမည်ကို ဖော်ထုတ်ခြင်းမပြုသည့်အမှုကြောင့် တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း၏လုပ်ရပ်သည် မီးခဲပြာဖုံးဖြစ်နေသည့်မြန်မာတိုင်းရင်းသားတို့၏ နယ်ချဲ့ တော်လှန်ရေးစိတ်ဓာတ်ကိုလှုပ်နိုးလိုက်ခြင်း ပင်ဖြစ်ပါသည်။
သခင်အောင်ဆန်းကို ရန်ကုန်တက္ကသိုလ် သမဂ္ဂအမှုဆောင်အဖွဲ့ဝင်အဖြစ်တွေ့ရပုံ(တိုက်ပုံအနက်ဖြင့်)
သခင်အောင်ဆန်းကို ရန်ကုန်တက္ကသိုလ် သမဂ္ဂအမှုဆောင်အဖွဲ့ဝင်အဖြစ်တွေ့ရပုံ(တိုက်ပုံအနက်ဖြင့်)
အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ်တွေ့ရသောဗိုလ်ချုပ်အောင်ဆန်း
အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ်တွေ့ရသောဗိုလ်ချုပ်အောင်ဆန်း
ထိုသို့ဗိုလ်ချုပ်အောင်ဆန်းအားကျောင်းမှထုတ်ပယ်လိုက်ခြင်းဖြင့် ဖေဖ၀ါရီလ ၂၅ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားသပိတ်ကြီးမှောက်ခဲ့သည်။ နယ်ချဲ့လက်အောက်တွင် ကြီးပြင်း၍ ဘိုစကားကိုအထင်ကြီး၊ ဘိုစာကိုအလေးထားနေသည့် မြန်မာလူမျိုးများ၏စိတ်တွင်းသို့ မျိုးချစ်စိတ်များ၊ နယ်ချဲ့ တော်လှန်ရေးစိတ်ဓာတ်များ စတင်ဝင်ရောက် လာခဲ့ခြင်းပင်ဖြစ်ပါတော့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဇာတန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင်သဟာယနှင့် စာဖတ်အသင်းဥက္ကဌ များအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာတန်းအောင်မြင်ပြီးနောက် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အားသွန် ခွန်စိုက် ကြိုးးပမ်းဆောင်ရွက်ခဲ့ပါသည်။ ၁၉၃၇ မှ ၁၉၃၈ ခုနှစ်အတွင်း တက္ကသိုလ်သမဂ္ဂ ဒုတိယဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ထို့နောက်ဆက်လက်၍ တက္ကသိုလ်သမဂ္ဂဥက္ကဌအဖြစ်ရွေးချယ်ခံရပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
ဗမာနိုင်ငံလုံးဆိုင် ရာကျောင်းသားများဥက္ကဌအဖြစ်တွေ့ရသောဗိုလ်ချုပ်အောင်ဆန်း
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဥက္ကဌအဖြစ် တွေ့ရသောဗိုလ်ချုပ်အောင်ဆန်း
၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တို့ဗမာအစည်းအရုံးအထွေထွေအတွင်း
ရေးမှူး တာဝန်ကိုထမ်းဆောင်ခဲ့သည်။ ၁၃၀၀ ပြည့်အရေးတော်ပုံကြီး ပေါ်ပေါက်လာသည့် အခါ ကိုယ်ရောစိတ်ပါနှစ်ပြီး အရေးတော်ပုံကြီးကိုအားပေးကူညီခဲ့ပါသည်။ ၁၉၃၉ ခုနှစ်အတွင်း မော်လမြိုင်မြို့ တွင်ကျင်းပသော တို့ဗမာအစည်းအရုံးညီလာခံတွင် စစ်အတွင်း၌ ဗြိတိသျှကို စစ်အကူအညီမပေးရေးအဆိုကိုတင်သွင်းခဲ့သည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲရဲတောက် နယ်ချဲ့ ဆန့်ကျင်ရေး၊ မျိုးချစ်စိတ်ဓာတ်လှုံ့ ဆော်ရေး ဆောင်ရွက် ချက်များကြောင့် နယ်ချဲ့ အစိုးရအာဏာပိုင်များအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းအား ဆုတော်ငွေ ၅ ကျပ်ဖြင့်ဖမ်းရန် ၀ရမ်းထုတ်ခဲ့သည်။ ဖမ်းရန်အတွက်ဆုတော်ငွေမှာ လူထုခေါင်းဆောင်တစ်ဦးကို စော်ကားခြင်းဖြစ်သည်ဟု တိုင်းပြည်တစ်ဝှမ်းရှုတ်ချကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၀ရမ်းပြေးအဖြစ် ပုန်းရှောင်နေစဉ် နိုင်ငံလွတ်လပ်ရေး အတွက် နယ်ချဲ့ အင်္ဂလိပ်ကိုလက်နက်ကိုင်တော်လှန်ရန်အတွက် စိတ်တူ၊ အကြံတူခေါင်းဆောင်များဖြစ်သော သခင်မြတို့နှင့်အတူ ပြည်သူ့အရေးတော်ပုံပါတီကိုဖွဲ့စည်းခဲ့ ပါသည်။ ပြည်သူ့အရေးတော်ပုံပါတီ၏ ရည်ရွယ်ချက်မှာ ပြည်ပအကူအညီယူ၍ နယ်ချဲ့ အင်္ဂလိပ်တို့ကိုတော်လှန်ရန်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပတော်လှန်ရေး အဖွဲ့ခေါင်းဆောင် ဖြစ်တာဝန်ယူကာ၊ သခင်မြက ပြည်တွင်းတော်လှန်ရေးခေါင်းဆောင်အဖြစ်တာဝန်ယူကာ တော်လှန်ရေးလုပ်ငန်းများကို လျို့ ဝှက်စွာလုပ်ဆောင်ခဲ့ပါသည်။
 တော်လှန်ရေးကာလအတွင်းက ဗိုလ်ချုပ်အောင်ဆန်း
တော်လှန်ရေးကာလအတွင်းက ဗိုလ်ချုပ်အောင်ဆန်း

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...