" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

လူထုဒေါ်အမာ ကိုယ်ရေးအကျဉ်း Public Daw Amar CV Policy of Myanamr 8888

လူထုအမေမာ၏ ဈာပန အမှတ်တရပုံရိပ်များ

amaymar-funeral9.jpgamaymar-funeral10.jpgamaymar-funeral11.jpg
amaymar-funeral12.jpgamaymar-funeral13.jpgdawamar-funeral5.jpg
မောင်လှ ဘလော့မှ ကူးယူဖော်ပြသည် ။
 
ဝါရင့်သတင်းစာဆရာမကြီး လူထုအမေမာ၏ နှုတ်ဆက် ရုပ်ကလာပ်ပုံရိပ်များ 
dawamar-funeral2.jpgdawamar-funeral3.jpgdawamar-funeral4.jpg  

                       
 
လူထုအမေနှစ် (၉ဝ)၊ အမှတ်တရ စကားစု စာစုများမှ ကောက်နှုတ်ချက်များ
 
  ဆရာဇော်ဂျီ (၉-၃-၁၉၃၆)
ပြဒါးရှင်
ပေးချင်းငဲ့ ခုအရေး
ဇော်ဂျီမောင် ငါမစစ်လို့
စိတ်ညစ်တယ်လေး   ။
    ဇော်ဂျီ (၉-၃-၁၉၃၆)
 
ဆရာမင်းသုဝဏ် (ဒုတိယကျောင်းသားသပိတ်ကာလ၊ အမေမာငယ်စဉ်ဘဝ ကျောင်းသူဘဝ ရေးပေးခဲ့သောစာ)
အမာသည်  အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြူကို မမည်းစေနှင့်
အဖြောင့်ကို မကောက်စေနှင့်
    မောင်ဝန် (၉-၃-၁၉၃၆)
 
ဆရာမြသန်းတင်
အိုလာတာနဲ့အမျှ သိက္ခာရှိရှိ၊ ဂုဏ်ရှိရှိ  သေသွားဖို့ အရေးကြီးပါတယ်။ မြန်မာ့ယဉ်ကျေးမှု မြန်မာစာပေကို ထိန်းသိမ်းစောင့်ရှောက်ရင်း အိုရသေရတာဟာ ဂုဏ်ရှိပါတယ်။ မသေခင်မှာတော တတ်နိုင်မျှ လုပ်ကြရဦးမှာပါပဲ။ ကျနော်လည်း အဲဒီလို နေနိုင်အောင်ကြိုးစားနေပါတယ်။
    မြသန်းတင့် (၁၂၊ စက်တင်ဘာ၊ ၉၅)
 
ဒေါ်ခင်နှင်းယု
မအမာလို မြန်မာပီသတဲ့ အမျိုးသမီးတဦးက ကျမတို့ စာပေလောကရဲ့ ဓူဝံကြယ် ဖြစ်နေတာကို က ကျက်သရေ မင်္ဂလာတပါးပါပဲ။ ဒီ ဓူဝံကြယ်ဟာ ငြိမ်းချမ်းရေးကို ရှေ့ဆောင် လမ်းပြနိုင်ပါစေ ။
    ခင်နှင်းယု (၁၂၊ စက်တင်ဘာ၊ ၉၅)
 
ဆရာမောင်ထင်
လူထုဒေါ်အမာ၏ စာပေများကို ကျနော်တို့ ငယ်စဉ်ကာလကပင်လျှင် ဖတ်ရှု့လာခဲ့ရာ ကျနော်စိတ်ထဲတွင် စွဲနေသော အချက်တခု ရှိပါသည်။ ထိုအချက်မှာ အခြားမဟုတ်။ ဒေါ်အမာ၏ အရေးအသားတို့သည် ကျနော်တို့ ချစ်သော အမိမြန်မာနိုင်ငံ၏ သမိုင်းကို ထုတ်ဖော် ရေးသားသော အဖိုးတန်အမှတ်အသားများ ဖြစ်သည်ဟု တွေ့ရှိရခြင်း ဖြစ်ပါသည်။
သမိုင်းအမှတ်အသားဟု ပြောသောအခါ ရှေးဖြစ်၊ ရှေးဟောင်း အကြောင်းအရာများကို ပြောဆိုရခြင်း ဖြစ်သောကြောင့် ငြီးငွေ့ဖွယ်ဟု ယူဆသူများ ရှိကောင်း ရှိပါလိမ့်မည်။ သို့သော် ဒေါ်အမာသည် နေ့စဉ်အဖြစ်အပျက် အကြောင်းအရာတို့ကို အနုပညာမြောက်အောင် စီကုံး ရေးသားတတ်သော ပုဂ္ဂိုလ် ဖြစ်သောကြောင့် မြန်မာသမိုင်းအတွက် အလွန်အရေးပါ အရာရောက်ပုဂ္ဂိုလ် ဖြစ်သည်ကို နှောင်းလူတို့ ဂရုတစိုက် မှတ်သားထိုက်ပါသည်။ နောင်နှစ်ပေါင်း ၅ဝ ကြာသောအခါ မန္တလေးမြို့ ဘာဖြစ်ခဲ့သလဲဟု သိလိုသော လူငယ်သည်     ဒေါ်အမာ၏ စာပေတို့ကို လိုက်လံရှာဖွေ၍ လေ့လာပေလိမ့်မည်။
    မောင်ထင် (၅၊ စက်တင်ဘာ ၉၅)
 
ဆရာပါရဂူ
လူထုဒေါ်အမာ၏ စာများသည် မလွတ်တမ်း ဖတ်သင့် ဖတ်ထိုက်သော စာများဖြစ်သည်။ လူထုဒေါ်အမာသည် ယခင်က စာကို စာအရေးအသားမျိုးနှင့် ရေးသည် ။ ထို့နောက် စကားပြော အရေးအသားနှင့် ရေးသည်။ သို့ရာတွင် လူထုဒေါ်အမာ၏ စာများသည် စာဖတ်သူများ ဆွဲဆောင်ခေါ်ငင်သွားသည် ဖြစ်၍ စာ၏ ဆွဲဆောင်ရာသို့ ပါသွားသော စာဖတ်သူသည် စာကို စကားပြောနှင့် ရေးနေသလား၊ စာရေးသလို ရေးနေသလား ဟူသည့် အရေးအသား ကွဲပြား ခြားနားမှုဆီသို့ပင် အာရုံမရောက်တော့ပေ။ ပင်ကိုအလှရှိသော မိန်းမပျိုသည် သနပ်ခါးရေကျဲ လိမ်းလိမ်း နှုတ်ခမ်းနီဆိုးဆိုး လှမြဲ လှနေမည်။ လူထုဒေါ်အမာ၏ စာတွင် ပင်ကိုအလှ ရှိသည်။
ပါရဂူ (၁၂၊ စက်တင်ဘာ၊ ၉၅)
 
ဆရာချစ်ဦးညို
  အားမလို အားမရဖြစ်တဲ့ အခါမျိုးတွေ
နောက်ကျိ ရှုပ်ထွေးခံစားရတဲ့ အခါမျိုးတွေ
အပျင်းထူ-ဖင့်နွှဲ့သွားတဲ့ အခါမျိုးတွေ
စိတ်ချဉ်ပေါက်-စိတ်ခံတွင်းပျက်တဲ့ အခါမျိုးတွေ
--- အခါမျိုးတွေ—အခါမျိုးတွေမှာ
ဒေါ်ဒေါ့်စာတွေကို ပြန်ဖတ်ပြီး
ဒေါ်ဒေါ့်အားထုတ်မှုတွေဆီက ဓာတ်ကူးယူ
ဒေါ်ဒေါ့်စေတနာထုထည်ကြီးကို စားသုံး
ဒေါ်ဒေါ့်ခရီးရှည်ကြီးကို လှမ်းကြည့်
ဒီလိုနဲ့
ချစ်ဦးညို အသက်ဆက်ခဲ့ပေါင်း များလှပါပြီ။
ဘုန်းကြီးလို့ သက်ရှည်တဲ့ ဒေါ်ဒေါ့်ကို
ဦးချ ပူဇော်ပါတယ် ခင်ဗျား။ ။
    ချစ်ဦးညို (၁၈၊ ၁၊ ၂ဝဝ၅)
 
ဆရာကျော်ဝင်း
ကျနော့်မှာ မုံရွာတွင်မွေးပြီး၊  မန္တလေးတွင် ကျောင်းနေခဲ့သည့်တိုင် လူထုတိုက်သို့ အဝင်အထွက် မရှိလှပါ။ လူထုဦးလှ၊ လူထုဒေါ်အမာတို့နှင့်လည်း လူချင်း မရင်းနှီးပါ။ သို့နှင့်တိုင် သူတို့စာတွေနှင့်မူ ငယ်ငယ်ကတည်းက ရင်းနှီးနေသည်။ အထူးသဖြင့် ဒေါ်ဒေါ်၏ လှုပ်ရှားနေသော ကမ္ဘာ ဆောင်းပါးများကို ဖတ်ရင်း နိုင်ငံတကာကို စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။
ဒေါ်ဒေါ့်ကို လူကိုယ်တိုင် စတင်မြင်ဖူးသည်မှာ ဓမ္မဗိမာန်ဟု မှတ်မိနေသည်။ ထိုစဉ်က ဒေါ်ဒေါ်၏ ရွှေမန်းတင်မောင်စာအုပ် ထွက်ခါစဟု ထင်သည်။ လူငယ်တယောက်၏ ဆွေးနွေးချက်ကို ဒေါ်ဒေါ်က ခုလို ပြန်ပြောသည်။ "ဒီနေရာမှာ ဒေါ်ဒေါ်နဲ့ တူမောင်နဲ့ လွတ်လပ်စွာ သဘောကွဲလွဲကြတာပေါ့" စသည်ဖြင့် ...။ ကျနော် စွဲသွားသည်။ ကျနော် ရေးသာစာကို ဒေါ်ဒေါ် ဖတ်ဖြစ်လိမ့်မည် မထင်ပါ။ ဖတ်ဖြစ်လျှင်လည်း ကြိုက်မည် မထင်။ ကိစ္စမရှိ။ ဒေါ်ဒေါ်သည် လွတ်လပ်စွာ သဘောကွဲလွဲခွင့်နှင့် ကျနော်ကို ခွင့်လွှတ်မည်ဟု ယုံထားသည်။
    ဒေါ်ဒေါ်ရဲ့စာဖတ်ပရိသတ်
          ကျော်ဝင်း

 
သန်းမြင့်အောင်
အမေရဲ့ ပြင်ပ အသွင်သဏ္ဌာန်က အေးချမ်းသိမ်မွေ့ပြီး ဖော့ဖယောင်းလို ပျော့ပျောင်းနေပေမယ့် အမေ့ရဲ့ အတွင်းသရုပ်ကတော့ မြင့်မြတ်တဲ့ ယုံကြည်ရပ်တည်မှုမှာ သံမဏိလို မာကျောသူ ။
အဲဒီ ပျော့ပျောင်းကြံ့ခိုင်တဲ့ အမေဟာ ကျမတို့ရဲ့ စိတ်ဓာတ်ခွန်အားတွေ တိုးပွားလာစေဖို့ ရှေ့ဆောင် လမ်းပြကြယ်ကြီး တပွင့်လည်း ဖြစ်တယ်။
"အမေ့ရှေးစကား" နဲ့ မျိုးဆက်သစ် မြန်မာမိန်းကလေးတွေကို မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ မျိုးစေ့ချပေးတဲ့ ဥယျာဉ်မှူးလည်း ဖြစ်တယ်။
တခါတခါ မမျှော်လင့်တဲ့ ပုံသေနည်းမဲ့ ပုစ္ဆာတွေနဲ့ ရင်ဆိုင်တဲ့အခါ ၊ အမေဟာ ကျမတို့အတွက် မဇ္ဈိမ ပဋိပဋာကျတဲ့ သင်ရိုးညွန်းတမ်း တခုလည်း ဖြစ်တယ်။
ဒါကြောင့် မြန်မာနိုင်ငံ တနံတလျားက အမေကို ချစ်ကြတဲ့ စာသမားတွေအတွက်တော့ အမေဟာ စံပြခေါင်းဆောင် မိခင်တယောက် ဖြစ်တယ်။
"ခေါင်းဆောင်" ဆိုတာ ကိုယ့်ကိုယ်ကိုယ် တပ်လို့ရတဲ့ အမည်နာမ မဟုတ်။
အများရဲ့ ယုံကြည်လေးစားမှု၊ ချစ်မက်မြတ်နိုးမှုတို့မှ ပေါက်ဖွားလာသော နာမဝိသေသနတခုသာ ဖြစ်သည်။
    သန်းမြင့်အောင် (၁၃၊ ၁၊ ဝ၅)
 
အော်ပီကျယ်  
ငယ်ငယ်ကတော့
စာရေးဆရာမကြီး လူထုဒေါ်အမာနဲ့ပဲ
အဝေးက သိခဲ့တယ်။
၁၉၈၉ ခုနှစ်မှာ ကာတွန်းဆရာအဖြစ် မန္တလေးကို
ပြန်ခိုနားတော့
လူထုတိုက်ဟာ ကျနော်တို့ရဲ့စုစည်းရာ
ဒေါ်ဒေါ်ဟာ ကျနော်ရဲ့ ရိုသေ အတုယူစရာ
ပွင့်ပွင့်လင်းလင်း တိုင်ပင်စရာ ဖြစ်ခဲ့တယ်။
အမေစု (ရေနံမြေ ဒေါ်ခင်စု၊ ကွယ်လွန်)နဲ့
မနက်တိုင်း လမ်းလျှောက်ရင်း ကျုံးထောင့်မှာ
ဆုံခဲ့တဲ့ ဒေါ်ဒေါ်
အနုပညာ လောကသားတွေကို သားသမီးလို
ကြင်နာတဲ့ ဒေါ်ဒေါ်
အနုပညာ လောကသားတွေကို သားသမီးလို
ကြင်နာတဲ့ ဒေါ်ဒေါ်
အမြင်မတော်ရင် စေတနာနဲ့ ခေါ်ဆူတတ်တဲ့ ဒေါ်ဒေါ်
မိသားစုအရေးကိုပါ ဂရုတစိုက် မေးတတ်တဲ့ ဒေါ်ဒေါ်
မှတ်စရာ စကားတွေကို
လိုရင်းရောက်အောင် ပြောတတ်တဲ့ ဒေါ်ဒေါ်
ပြည့်ပြည့်စုံစုံ ပြုစုဖို့ စုဆောင်းထားတဲ့
ဦးဘဂျမ်းကာတွန်းတွေကို ဖတ်ခွင့်ပေးတဲ့ ဒေါ်ဒေါ်
နိုင်ငံတကာ အတွေ့အကြုံရအောင်
လမ်းခင်းပေးတဲ့ဒေါ်ဒေါ်
ရန်ကုန်ကို ပြောင်းတော့ ကွန်ပျူတာ လေ့လာခွင့်ရအောင်
ဆက်သွယ်ပေးတဲ့ ဒေါ်ဒေါ်
လူတွေဖတ်ဖို့ အသက်အရွယ်နဲ့မမျှ စာရေးတဲ့ ဒေါ်ဒေါ်
အနုပညာသမားတွေကို
မြေတောင်မြှောက်တဲ့ ဒေါ်ဒေါ်၊
--
--
ဒေါ်ဒေါ်ဟာ အများပါ   ။

----------------------------------------------------
" အမေမာအတွက် အမှတ်တရစကားများ "
 
 
 amaymar1.jpgamaymar3.jpgamaymar4.jpg
 amaymar5.jpgamaymar6.jpgamaymar7.jpg
 dawamar-funeral5.jpgamaymar8.jpgamaymar2.jpg
   
 
    ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း (တိုင်းရင်းသားလူမျိုးများ ကောင်စီ)
   
    "အခုလို လူထုဒေါ်အမာ ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားရတဲ့အတွက် ကျနော်တို့ တိုင်းရင်းသား လူမျိုးများ အနေနဲ့ အများကြီး ဝမ်းနည်း ကြေကွဲရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်ထောင်စု ပြန်လည် တည်ထောင်ကတည်းက တနည်းပြောရရင် လွတ်လပ်ရေးရ ကတည်းကပဲ ကျနော်တို့ တိုင်းရင်းသား လူမျိုးများကြားနဲ့ မြန်မာလူမျိုးတွေ ကြားမှာ လူထု ဒေါ်အမာနဲ့ လူထုဦးလှတို့ရဲ့ ရေးသားချက် တွေဟာ အင်မတန်မှ အရေးကြီးခဲ့ပါတယ်။ ကျနော် မှတ်မှတ်ရရ ပြောရမယ်ဆိုရင် လူထုဦးလှ ရေးခဲ့တဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ပုံပြင်များ စာအုပ်ဟာ တိုင်းရင်းသားများကြားမှာ နားလည်မှု အများကြီး ပေးခဲ့တယ်လို့ ကျနော် ထင်မိပါတယ်"
    
    "ပြီးတော့ လူထုသတင်းစာအရလည်း နိုင်ငံရေးအရ အင်မတန်မှ ကျော်ကြားခဲ့တဲ့ သတင်းစာ ဖြစ်တဲ့အပြင် ကျနော်တို့ ပြည်ထောင်စုထဲမှာ ရှိနေတဲ့ လူမျိုးများ ချစ်ကြည်ရေးကိုလည်း အများကြီး အားပေးခဲ့တယ်လို့ မြင်မိပါတယ်။ ပြီးတော့ လူထုဒေါ်အမာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေဟာ ကျနော်တို့ တိုင်းရင်းသား အချင်းချင်းကြားမှာလည်း အများကြီး အရေးကြီးခဲ့တယ်လို့ နားလည်ခဲ့တယ်။ ကျနော် တက္ကသိုလ် ကျောင်းသားဘဝ ကတည်းက သူနဲ့ စုံခဲ့ပါတယ်။ သူဆုံးသွားတဲ့အတွက် ကျနော်တို့ ပြည်ထောင်စုကြီးထဲမှာ ရှိနေတဲ့ မိခင်တယောက် ကျဆုံးသွားတယ်လို့ ခံစားမိပါတယ်"
 
 
    ဦးအောင်မျိုးမင်း (လူ့အခွင့်အရေး ပညာပေးဌာန- မြန်မာနိုင်ငံ)
 
    "ဒေါ်အမာ ဆုံးရှုံးသွားတာဟာ စာပေ အနုပညာသမားတွေအတွက် သာမကဘဲ ကျနော်တို့ တိုင်းပြည်တခုမှာ ရှိတဲ့ လူတွေ အားလုံးအတွက် ဆုံးရှုံးမှု ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အမာဟာ နိုင်ငံရေးသမိုင်းတလျှောက် မှာ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့တဲ့ အမျိုးသမီး စာနယ်ဇင်းသမား တယောက်ဖြစ်တယ်။  နောက်တခါ နောက်ဆုံးအချိန်အထိ နအဖရဲ့ မတရားမှုတွေကို ဖော်ထုတ်ပြီးတော့ နအဖ က သူ့ကို စာပေထုတ်ဝေခွင့်တွေ ပိတ်ပင်ခဲ့တာတောင်မှ အမှန်တရားဘက်ကို ရပ်တည်တဲ့ အမျိုးသမီးတယောက် ဖြစ်တယ်။ သူဆုံးရှုံးမှုဟာ စာပေ လောကတင်သာ မကဘဲနဲ့ အမျိုးသမီးခေါင်းဆောင်တွေ ရှားပါးနေတဲ့ ကျနော်တို့ရဲ့ မြန်မာနိုင်ငံအတွင်းမှာ တကယ့်ကို ဆုံးရှုံးမှုကြီးတခု ဖြစ်ပါတယ်"
 
 
    ကဗျာဆရာ ငြိမ်းဝေ

    "ဒေါ်အမာ ကွယ်လွန်သွားတာဟာ အသက်အရွယ်အားဖြင့်တော့ ကြီးရင့်ပြီ ဖြစ်ပေမယ့် သူက ထူးခြားချက်က တခြားလူတွေလို မဟုတ်ဘူးလေ။ စာပေနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ ဖြစ်ဖြစ်၊ အသက်ဆုံးသွားတဲ့ အချိန်အထိ တကယ့်ကို တည်တည်ငြိမ်ငြိမ်နဲ့ တည့်တည့်မတ်မတ် ပြည်သူလူထုဘက်က ရပ်တည်သွားနိုင်ခဲ့တာ ဆိုတော့ အံ့သြဖို့ ကောင်းတယ်"
   
    နောက်တချက်က ကျနော်တို့ တိုင်းပြည်မှာ သာမန်သတင်းစာ ဆရာမကြီး မဟုတ်ဘူး။ သူဟာ တကယ့်ကို တွေးတတ်တဲ့ အမြင်ရှိတယ်။ ပြည်သူလူထု ရှေ့က ရပ်တည်တဲ့၊ အင်မတန်မှ အားကိုးရတဲ့ တိုက်ပွဲဝင် သတင်းစာ ဆရာမကြီး တယောက် ဆုံးရှုံးသွားပြီလို့ပဲ ကျနော် ယူဆတယ်။ အခုလို ချောင်းကူး မြောင်းကျော် ကာလမှာ အခုလို ဆရာမကြီး အမေ လူထုဒေါ်အမာ ဆုံးသွားတဲ့အတွက် ကျနော်တို့ ပြည်သူတွေအဖို့ တကယ့်ကို ကြေကွဲဖို့ ကောင်းပါတယ်။ အစားထိုးမရတဲ့ ဆုံးရှုံးမှု တခုပါ"
  

    မိဆူးပွင့် (မြန်မာအမျိုးသမီးသမဂ္ဂ)

    "အမေလူထု ဒေါ်အမာဟာ စာပေလောကမှာ မိခင်ကြီးလို့ အားလုံးက ခံယူထားကြတာပေါ့နော်။ ဒါကြောင့် အမေရဲ့ မွေးနေ့ဆိုရင်လည်း အမြဲ ဂုဏ်ပြုခဲ့ကြတယ်။ တိုင်းပြည်အတွက်လည်း ပြောဆိုတာတွေ၊ ရေးသားချက်တွေ ရှိခဲ့တယ်။ သူ့သမိုင်း တလျှောက်လုံးမှာလည်း သူ့အချိန်တွေကို ကုန်ဆုံးခဲ့တာ ဖြစ်တယ်။ ကျမတို့ မြန်မာနိုင်ငံမှာ အမေလူထု ဒေါ်အမာလိုမျိုး နောက်ထပ် လူထုဘက်က ကြံ့ကြံ့ခံခဲ့တဲ့ စာပေပညာရှင်မျိုးတွေ ထပ်ပြီး ပေါ်လာဖို့ဆိုတာက ရှိရင်တောင်မှ စာပေအတွက်ရော၊ နောက်လာမယ့် မျိုးဆက်တွေအတွက်ရော အင်မတန် ဆုံးရှုံးမှု ဖြစ်တယ်။ ပြီးတော့ မိသားစုကို ကြည့်မယ်ဆိုရင်လည်း သူ့ခင်ပွန်းကအစ တော်လှန်ရေးမျိုးဆက်လို့ ပြောလို့ရတယ်။ မိသားစုရဲ့ မိခင်အနေနဲ့ရော၊ တိုင်းပြည်ရဲ့ မိခင်အနေနဲ့ရော အများကြီး ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်" 
 
 
  
     ကိုထွန်းမြင့်အောင် (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)
"အမေမာဟာ အဖိနှိပ်ခံ ပြည်သူလူထုဘက်က အမြဲတမ်း တောက်လျှောက် ရပ်တည်ပြီးတော့ အမှန်တရားအတွက်၊ တရားမျှတမှုအတွက် အမေမာဟာ ငယ်စဉ်ခါကတည်းက သူကိုင်တဲ့ ကလောင်စွမ်းနဲ့ ခုခံပြီးတော့ ရပ်တည်လာခဲ့တဲ့ သူရဲကောင်း အာဇာနည်တဦးလို့ ပြောလို့ ရပါတယ်။ အမေမာ အခုလို ကွယ်လွန်သွားတာ ကျနော်တို့ တိုင်းပြည်အတွက်၊ ဒီမိုကရေစီ ဘက်တော်သားတွေအတွက် အင်မတန် ဆုံးရှုံးမှုကြီး ဖြစ်ပါတယ်။
အမေမာတို့ လွတ်လပ်ရေးတိုက်ပွဲ တလျှောက်လုံးကနေ ကနေ့ထက်ထိ မျှော်မှန်းခဲ့တဲ့ ပြည်သူလူထုတရပ်လုံး လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီ တိုင်းပြည်တခုကို မဖြစ်ဖြစ်အောင် တည်ဆောက်သွားဖို့ ကျနော်တို့ သံန္နိဋ္ဌာန် ချထားပါတယ်။ ဒါကြောင့်မို့လို့ အမေမာ ဆုံးပါးသွားပေမယ့် အမေမာ ဆုံးမခဲ့တဲ့ စကားတွေကတော့ ကျနော်တို့ တိုင်းပြည်မှာ ကနေ့ထက်ထိ ရှင်သန်နေဆဲပါ။ အမေမာ မှာခဲ့တဲ့အတိုင်းပဲ ကျနော်တို့ တိုင်းပြည် လွတ်မြောက်ရေးအတွက် ကျနော်တို့ လုပ်သွားကြပါမယ်"

 
မနီလာသိန်း (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့)
"အမေ ဆုံးသွားတဲ့အခါ ကျမတို့အတွက်ရော၊ မြန်မာပြည်မှာရှိတဲ့ လူထုတွေအတွက်ရော တကယ်ကို စိတ်မကောင်းစရာ ဖြစ်တယ်။ အမေဟာ အမှန်တရားဘက်က၊ ငြိမ်းချမ်းရေးဘက်က၊ လူထုရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ မိခင်ကောင်းတယောက် ဖြစ်ပါတယ်။ ကျမတို့ ထောင်ထဲမှာ ရှိနေစဉ်မှာ အမေ့ရဲ့ စကားတွေဟာ ကျမတို့ ထောင်ထဲက လူတွေအတွက် ခွန်အားတွေ ဖြစ်ခဲ့ရတယ်။ အပြင်မှာ လုပ်နေတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေ အတွက်လည်း အမေ့ရဲ့ စကား၊ အမေ့ရဲ့ အမှန်တရား၊ အမေ့ရဲ့ ငြိမ်းချမ်းမှုတွေဟာ ကျမတို့ ခြေလှမ်းတိုင်းအတွက် တကယ်ကို ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ အခု အမေဆုံးပါးသွားတဲ့အခါ ကျမတို့အတွက် တကယ်ကို နှမြောမိပါတယ်။
အခုဆိုရင် ကျမတို့ရဲ့ မဆုံးတဲ့ ခရီးတခုပေါ့နော်။ ပန်းတိုင် မရောက်ခင်၊ မအောင်မြင်ခင်မှာ အမေဆုံးပါးသွားပေမယ့် အမေ့ရဲ့ ရင်ထဲက ဆန္ဒတွေကို ကျမတို့တွေအားလုံးက အောင်မြင်တဲ့အထိ ဆက်လက် လုပ်ဆောင်သွားမှာပါ"

 
ဦးဉာဏ်ဝင်း (NLD ပြောခွင့်ရ ပုဂ္ဂိုလ်)

 "ကျနော်တို့ကတော့ အထူးပဲ ဝမ်းနည်းပါတယ်။ ဘာလို့လည်း ဆိုတော့ အမေလူထု ဒေါ်အမာက အမြဲတမ်း ပြည်သူဘက်က ရပ်တည်တယ်။ နိုင်ငံရေးအရလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာ အမြဲတမ်း Sympathy ထားတယ်။ ဒီလို ပုဂ္ဂိုလ်မျိုးတယောက် ဆုံးပါးသွားတာ ကတော့ ကျနော်တို့ အထူးပဲ ကြေကွဲ ဝမ်းနည်းပါတယ်"
 

စာရေးဆရာ ဖေမြင့်
"အင်မတန်မှ ကြီးမားတဲ့ ဆုံးရှုံးမှုတခုပေါ့ဗျာ။ ဒေါ်အမာက အသက်လည်း ရှည်ပါတယ်။ ဆုံးရှုံးသွားတာ၊ ကွယ်လွန်သွားတာက ဝမ်းနည်းစရာပေါ့ဗျာ။ ရှည်လျားတဲ့ သက်တမ်းတလျှောက်မှာ ဗမာစာပေအတွက် အကျိုးပြုတဲ့စာတွေ၊ အသိအမြင် ကြွယ်ဝစေရေး စာတွေ အများကြီး ရေးခဲ့တယ်။  တိုင်းပြည် ကောင်းရာကောင်းကြောင်းအတွက် လုပ်သင့်လုပ်ထိုက်တာ မှန်သမျှမှာလည်း ကိုယ်ကျိုးကို မငဲ့ဘဲ အမြဲတမ်း လုပ်ခဲ့တယ်။ အင်မတန်မှ ကျေးဇူးကြီးမားတဲ့ စာပေနယ်အတွက်ရော တိုင်းပြည်အတွက်ရော ကျေးဇူးကြီးမားတဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်ပါတယ်။ အင်မတန်မှ ဝမ်းနည်းစရာ ဆုံးရှုံးမှုတခုလို့ ပြောချင်ပါတယ်"
 
မော်ဒန်စာရေးဆရာ မင်းခိုက်စိုးစံ
"ဒေါ်အမာ ကွယ်လွန်သွားတယ် ဆိုတဲ့ဟာက ကျနော်တို့မှာက မိသားစုတစုအနေနဲ့ ပြောရမယ်ဆိုလို့ ရှိရင် ကျနော်တို့ရဲ့ အိမ်ဦးခန်းမှာ ဂုဏ်ကျက်သရေရှိရှိ အလေးအနက်ထားရတဲ့ အဖွားတယောက် မိခင်ကြီးတယောက် ကွယ်လွန်သွားသလိုပါပဲ၊ စာပေလောက အတွက်ရော အားလုံးအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုလို့ပဲ ပြောပါရစေ။ ကျနော်တော်တော်လည်း စိတ်မကောင်း ဖြစ်နေပါတယ်"
 
ဆရာကြီး ဒဂုန်တာရာ
"ဆုံးရှုံးဆုံးမှုတရပ်လို့ ပြောရမှာပေါ့။ ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။  ဒေါ်အမာဟာ ၁၉၃၆  ဒုတိယကျောင်းသား သပိတ်မှာ စတွေ့ဖူးတယ်။ ကျနော်တို့က (၁ဝ) တန်းပေါ့။ သူရဲ့ ခင်ပွန်းပေါ့ ဦးလှဆိုရင်ကျောင်းသားဘဝတည်းက ခင်တယ်။ သူလည်း ငြိမ်းချမ်ရေးကိစ္စတွေ ပါဝင်ဆောင်ရွက်ခဲ့တာပဲ။ သူနဲ့ ကိုအောင်ဆန်းနဲ့က မွေးနှစ် အတူတူပဲ။ ဒေါ်အမာနဲ့ ပတ်သက်လို့ ပြောရရင် ပြောစရာတွေက အများကြီးပေါ့။ ချက်ချင်း စီကာပတ်ကုံးပြောဖို့က တချို့အကြောင်းအရာ တွေက အချက်အလက်နဲ့ပြောမှ ပြည့်စုံမယ်။ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှာ ဒေါ်အမာနဲ့ တွေ့ရပါတယ်။ မကြာခဏ။ မန္တလေးရောက်ရင် တော့ ဝင်တယ်ပေါ့ဗျာ။ သူ့အိမ်မှာပဲ တည်းရတာပေါ့ဗျာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူးပေါ့ဗျာ။ တိုင်းပြည် တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူဆောင်ရွက်ခဲ့တာ။ ကျနော်သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်"
 
ရဲဘော် ဖိုးသံချောင်း (အမေမာ၏ သား၊ ဗမာပြည် ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ)
"သူများတတိုင်းပြည်လုံး ကျဉ်းထဲကျပ်ထဲအချိန်မှာ ဆုံးရှုံးမှုကို ခံစားရတယ် ဆိုတာလောက်ပါပဲ"
 
လူထုဒေါ်အမာ
၁၉၁၅ -         မန္တလေးမြို့၊ ဂုန္တန်ရပ်၊ အဖ ဦးထင်- အမိ ဒေါ်စု တို့မှ နိုဝင်ဘာ ၂၉၊ တနလာင်္နေ့မှာ မွေးဖွားခဲ့၊ မွေးချင်း ၁၂ယောက်၊ စတုတ္ထသမီး၊ အမည်ရင်းအမာ။
၁၉၂ဝ -၂၃ -  တရုတ်တန်း အမျိုးသမီး နေရှင်နယ်ကျောင်းမှာ ဒုတိယတန်းအထိ ပညာသင်ခဲ့။
၁၉၂၃ - ၃၁ - အမျိုးသမီး နေရှင်နယ်ကျောင်းပျက်လို့ တတိယတန်းမှ နဝမတန်းအထိ ABM ကျောင်းမှာ ဆက်လက် ပညာသင်။
၁၉၃၁ - ၃၃ - မန္တလေး ဗဟိုအမျိုးသားကျောင်းက ဆယ်တန်းအောင်။
၁၉၃၃ - ၃၅ - မန္တလေး ဥပစာကောလိပ်၊ ဓာတု၊ ရူပ၊ သင်္ချာ ဘာသာတွဲယူ။
၁၉၃၆ -         ရန်ကုန်တက္ကသိုလ် ဘီအေ အောက်တန်း။ အင်းလျားဆောင် သဟာယနဲ့ စာဖတ်အသင်း အတွင်းရေးမှူး၊ ဒုတိယ ကျောင်းသားသပိတ်ကြီးတွင် ပါဝင်။ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊၊ ဘားမားဂျာနယ်တို့မှာ ဝတ္ထု၊ ဆောင်းပါးများရေး။ ကြီးပွားရေး ဦးလှနဲ့ စတင်သိကျွမ်း။ ကြီးပွားရေး မဂ္ဂဇင်းမှာ ကလောင်အမည် ခင်လဝင်း၊ မြမဉ္ဇူတွေနဲ့ ရေးခဲ့။
၁၉၃၇ -         ဘီအေ နောက်ဆုံးနှစ် စားမေးပွဲ ကျရှုံးပြီး ကျောင်းထွက်။ မန္တလေးမှာ မြန်မာစက္ကူဆိုင် ဖွင့်။
၁၉၃၈ -         Maurice Collis ရေး Trials In Burma ကို မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ အမည်နဲ့ မြန်မာပြန် ထုတ်ဝေ။
၁၉၃၉ -         ကြီးပွားရေး ဦးလှနဲ့( ၁၃နိုဝင်ဘာ)လက်ထပ်။
၁၉၄ဝ -         Maurice Collis ၏ Sandamala ကို စန္ဒမာလာ အမည်နဲ့ နှစ်တွဲခွဲ မြန်မာပြန် ထုတ်ဝေ။
၁၉၄၂ - ၄၄ - ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ကပိုင်ရွာကို ခေတ္တ ပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်။
၁၉၄၅ -         လူထုဂျာနယ် (ဇူလိုင်) ထုတ်ဝေတဲ့အခါ လက်ထောက် ဘယ်ဒီတာ။
Ashihei Hino ရဲ့ Jh   War and Soldier အပိုင်း ၄ က Wheat and Soldier  ကို ဂျုံနှင့် စစ်သားအမည်။Wanda Wasilewska ရဲ့The Rainbow ကို နှစ်ပိုင်းခွဲကာ သက်တန့်ရောင်အမည် တို့နဲ့ မြန်မာပြန် ထုတ်ဝေ။
၁၉၄၆ -         လူထုသတင်းစာ (၁၉၊ ဧပြီ) စတင်ထုတ်ဝေတဲ့အခါ အယ်ဒီတာ အဖွဲ့ဝင်။ ဖခင် အောင်နိုင် ကလောင်ခွဲနဲ့ နိုင်ငံရေးဆွေးနွေးခန်း ပင်တိုင် ဆောင်ပါးရှင်။
၁၉၄၇ -         လူထုဦးလှနဲ့အတူ လွတ်လပ်ရေးအတွက် ဦးဆောင်နေတဲ့ ဖဆပလအဖွဲ့ရဲ့  အာဘော်နဲ့ထပ်တူ ရေးသား တိုက်ပွဲဝင်ခဲ့။
၁၉၄၉ -         လူထုသတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲခံရ။ Gunther Stein ရဲ့ The Challenge of Red China ကို ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ အမည်ပေးပြီး နှစ်ပိုင်းခွဲ ဘာသာပြန်ထုတ်ဝေ။
၁၉၅ဝ -         (ဧပြီ ၂၄၊ ၁၉၄၉)က ပိတ်ထားခဲ့ရတဲ့ လူထုသတင်းစာကို (၁၊ နိုဝင်ဘာ)မှာ ပြန်လည်ထုတ်ဝေ။ (မေ၊ ၁၉၄၉) က ရပ်နားခဲ့တဲ့ လူထုဂျာနယ်ကို (သြဂုတ် ၁) မှာ ပြန်လည် ထုတ်ဝေ။  
၁၉၅၃ -         ကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီး ညီလာခံ ( ကိုပင်ဟေဂင် ၇-၆-၅၃) ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နဲ့ ကျောင်းသားပွဲတော် (ရူပေရီးယား၊ ဘူခါရက်စ် ၂၅-၇-၅၃) ကို တက်ရောက်။
Archie John Stone ရဲ့ In The Name of Peace ကို ငြိမ်းချမ်းရေးသို့ အမည်ပေးကာ ဘာသာပြန် ထုတ်ဝေ။ လူထုဦးလှ ပုဒ်မ ၅ နဲ့ အဖမ်းခံရလို့ လူထု သတင်းစာခေါင်းကြီးတွေကို တာဝန်ခံ ရေးသား။ 
၁၉၅၉ -          (မေ၊ ၁၂) လူထုသတင်းစာ ချိန်ပိတ်ခံရ။         
၁၉၆ဝ -          (မေ၊ ၁ဝ) လူထုသတင်း ပြန်ထွက်။     
၁၉၆၂ -          (ဖေဖော်ဝါရီ၊ ၃) အေရိုဖလုတ်လေကြောင်း ဖွင့်ပွဲမှာ သတင်းစာဆရာ ကိုယ်စားလှယ်အဖြစ် ဖတ်ကြားခြင်းခံရလို့ မော်စကိုသို့ သွားရောက်ခဲ့။                                  
အပြန် မှာ အရှေ့ဂျာမနီ၊ ချက်ကို စလိုဗက်ကီးယားနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်များကို လှည့်လည်။
၁၉၆၃ -          ဥရောပခရီး စဉ်များကို ဆိုရှယ်လစ် တိုင်းပြည်များသို့ အမည်နဲ့စာအုပ် ပြုစုထုတ်ဝေ။
C.Wright Mills ရဲ့ Listen ankees ကို အိုယန်ကီးတို့၊ Anna Lewis Strong ရဲ့ Cash and Violance in Losa ကို ငွေနှင့်လက်နက် အမည်ပေးရေးသား ထုတ်ဝေ။ 
၁၉၆၄ -          ပြည်သူချစ်သော အနုပညာသည်များ ပြုစုထုတ်ဝေ။
ဒီစာအုပ်နဲ့ ၁၉၆၄ခုနှစ်၊ စာပေဗိမာန် အနုပညာဆိုင်ရာ စာပေ ပထမဆု ရ။
၁၉၆၆ -          Edgar Snow ရေး The Other Side of the Riber ကို ဘဝချင်း မတူသည့် တရုတ်ပြည် အမည်နဲ့ဘာသာ ပြန်ပြီး နှစ်တွဲခွဲ ထုတ်ဝေ။
၁၉၆၇ -         (ဇူလိုင်၊ ၇ ) လူထုသတင်းစာ ရပ်ဆဲခံရ။ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးများ ကို ဖြည့်စွက် အမှာရေး ထုတ်ဝေ။
၁၉၆၉ -         ရွှေရိုး ဘကလေး နှစ်တွဲခွဲ ထုတ်ဝေ။ (မတ်လ၊၃) မန္တလေး ကွန်သာယာ ဗမာ့သဘင် စာတမ်းဖတ်။
၁၉၇ဝ -          ရွှေမန်းတင်စာအုပ် ပြုစုထုတ်ဝေ။ မတ် (၃) မန္တလေး ကွန်သာယာ စာတမ်းဖတ်ပွဲမှာ ဗမာ့ဖတ်ကျီလုပ်ငန်း စာတမ်းဖတ်။
၁၉၇၂ -          မန္တလေး နိုင်ငံတကာ စာအုပ်နှစ် စာတမ်းဖတ်ပွဲမှာ ကမ္ဘာ့အကြီးဆုံး စာအုပ် စာတမ်းဖတ်။
၁၉၇၃ -          အငြိမ့်စာအုပ် နှစ်တွဲခွဲ ထုတ်ဝေ။
၁၉၇၄ -          ကမ္ဘာ့ အကြီးဆုံးစာအုပ် ကို ဒေါက်တာသန်းထွန်းက The Worlds Biggest Book အမည်နဲ့ အင်္ဂလိပ်ဘာသာ ပြန်ဆို ထုတ်ဝေ။
၁၉၇၅ -          ရွှေဒေါင်းတောင် ဆောင်းပါးများ စာအုပ်ထုတ်ဝေ။  
၁၉၇၆ -          ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာအုပ် ထုတ်ဝေ။ (သြဂုတ်၊ ၁၉) ဟံသာဝတီသတင်းစာ စနေစာပေဝိုင်း စာတမ်း ဖတ်ပွဲမှာ အတ္ထုပတ္တိစာပေ စာတမ်းဖတ်။
၁၉၇၈ -          (သြဂုတ်၊ ၂၁) လူထုဦးလှ၊ သား ကိုငြိမ်းချမ်း( ညီပုလေး) တို့နဲ့အတူ အထိန်းအသိမ်းခံရ။ ၁နှစ် ၁လ ၁ရက်ကြာ။
၁၉၇၉ -          (သြဂုတ်၊ ၂၂) အထိန်းအသိမ်းခံ ဘဝက ပြန်လွတ် Chester Ronning ရဲ့ A Memoir of Chin in Revolution ကို တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော်မှတ်မိသမျှ အမည်နဲ့ ဘာသာပြန် ထုတ်ဝေ။
၁၉၈၂ -          နှစ်ပေါင်း ၄၃နှစ် ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းသည် လူထု ဦးလှ (သြဂုတ် ၇) ကွယ်လွန်။
၁၉၈၄ -          (မတ်၊ ၄) မန္တလေး မီးကြီးအတွင်း ကြီးပွားရေး စာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူ သိုလှောင်ရုံ၊ စာအုပ် သိုလှောင်ရုံတွေ မီးလောင် ဆုံးရှုံး။
၁၉၈၅ -          (နိုင်ဝင်ဘာ၊ ၂၉) အသက် ၇ဝပြည့်က စပြီး အမရပူရ တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ် ကျင်းပ။
ချင်းတွင်းမှ ပင်လယ်သို့ စာအုပ် ထုတ်ဝေ။
၁၉၈၉ -          (မေ၊ ၂၇) ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ငွေရတုပွဲ အမရပူရ တောင်လေးလုံးကျောင်းများ ကျင်းပ။ မြန်မာ မဟာဂီတ စာအုပ်။ အာဖရိက ဝတ္တုတိုများ စာအုပ် ထုတ်ဝေ။
၁၉၉ဝ -          လူထုဦးလှနဲ့ ပူးတွဲ ရေးသားတဲ့ ဆေးလိပ်နဲ့ လူသား စာအုပ်ထုတ်ဝေ။
၁၉၉၁ -          ဓနမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းပြီး မန္တလေးသူ မန္တလေးသားများ အမည်နဲ့ စုအုပ်ထုတ်ဝေ။
၁၉၉၂ -          ရနံ့သစ် မဂ္ဂဇင်းမှာ ဇမ္ဗူဒီပါ အောင်ထွန်း ကလောင်အမည်ခွဲနဲ့ နိုင်ငံတကာ ဆောင်းပါးများကို ရေးခဲ့။
ထိုင်းးဝတ္တုတိုများ (၁) တို့ကို ထုတ်ဝေ။
၁၉၉၃ -          မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ မန္တလေးဆိုင်ရာ ဆောင်းပါးတွေကို စုပေါင်းပြီး ရတနာပုံ မန္တလေး၊ ကျွန်မတို့ မန္တလေး စာအုပ်။ ထိုင်းဝတ္တုတိုများ (၂) တို့ကို ထုတ်ဝေ။
၁၉၉၄ -         သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ စာအုပ် ထုတ်ဝေ။
ရွှေဒေါင်းတောင် ဆောင်းပါး တွေကို ဂျပန်ဘာသာနဲ့ ပြန်ဆို ထုတ်ဝေ။ ပြန်ဆိုသူက ဂျပန်အမျိုးသမီး Yasuko Dobashi ( မြန်မာနာမည် ဒေါ်ယဉ်ယဉ်မြ) ဖြစ်ပြီး ထုတ်ဝေတဲ့ စာအုပ်တိုက်မှာShinjuku Shiobo Co. Ltd ၊ စာအုပ်တန်ဖိုး ယန်း ၂၇၁၈။ ၇၉နှစ် မွေးနေ့ အမှတ်တရ အဖြစ် ကျွန်မတို့ ငယ်ငယ်က ကိုယ်ရေးအတ္ထုပတ္တိ စာအုပ်ကို ရေးသား ထုတ်ဝေ။
၁၉၉၅ -         မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း ကျောင်သားဟောင်းများ ဦးစီးထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်။
(၂ဝဝ၄ ခုနှစ်တွင် ထုတ်ဝေသော လူထု ဒေါ်အမာရေး၊ စာအုပ်ဆိုင်က လူဝင်လူထွက်စာအုပ်မှ ကူးယူ ဖော်ပြပါသည်)
 
                အမေမာအတွက် ဂုဏ်ပြုကဗျာများ
 
         "မန်းတောင်ရိပ်ငို"
  ပြည်ပက
သားတွေ သမီးတွေကို
အားကိုးပါတယ်လို့  ပြောသွားတဲ့
အမေ ပြောသွားတဲ့ စကားအတွက်
သမီး ရှက်လှပါတယ်အမေရယ်   ။
                             နှင်းဆီ
မြနန္ဒာနဲ့ 
သင်္ကြန်ကိုလွမ်း
တမ်းတမ်းဆွတ်ဆွတ်
လူက
ပိတောက်ကဗျာ ဖြစ်နေရင်း
အမေ့သတင်းက ၊ ရင်ဝထိုးခွဲ
သွေးက
အမေ့ရဲ့ သွေးတွေ   ။
 
အမေရယ်
မန္တလာကို ၊ မြန်မာပြည်ကို
လူထုကို ၊ အောင်ဆန်းစုကြည်ကို
မင်းကိုနိုင်တို့ကို ၊ အဝေးရောက်သားသမီးတွေကို
အားကိုး ယုံကြည်တယ်ဆို   ။

 
ချင်းတွင်း ၊ဧရာဝတီ
ရိုးမတကြော ၊ သောလှုပ်မုန်တိုင်း
လှိုင်းတွေ ခုန်ပေါက်နေကြပြီ    ။

 
တောင်လေးလုံး
တောင်သမန် ၊ မယ်ဇယ်ပင်တန်း
ငိုခန်းတွေအခန်းဆက်၊ ရက်စက်တဲ့ ဇာတ်လမ်းရှည်
ကြေကွဲလို့ မဆုံး၊ စစ်မုန်းစိတ်က မိုင်ထောင်ရှည်   ။


သူရဲကောင်းလူထု
သွေးစုမယ့်နေရာ
အမေဖွေရှာတော့လေသလား   ။
 
သွေးမြေကျ သံဃာတော်တွေကို
လိုက်လံ ပူဇော်နေတာလားအမေ   ။
 
အနုပညာ
စာပေ အငြိမ့် သဘင်
မမြင်ရက်တော့ဘူးလားအမေ   ။
 
မြို့ရိုးပြဿဒ်
ကျုံးတပတ်မှာ
ဆုံးဖြတ်သွားခဲ့တာလားအမေ   ။
 
အမေ မြင်ချင်တဲ့ခေတ်
အမေ တွေ့ချင်တဲ့စနစ်
ကျနော်တို့ ချစ်တယ်
ကျနော်တို့ ခေတ် ၊ သစ်ကို သစ်ရမယ်
ဖြစ်ကို ဖြစ်ရမယ်
ရောက်ကို ရောက်စေရမယ်အမေ   ။
 
အမေ
ရှက်နေဦးမည်
ဆက်မည် တိုက်ပွဲ
ယုံကြည် ခွဲရစ်ခဲ့ပါတော့။

                   မောင်လွမ်းဏီ (၇-၄-၀၈)
  ------------------------------------------
 
        "အာဝေဏိက ဂုဏ်ရှင် အမေ"
  ဟယ် ---
မရဏမင်း
အလိုက်ကန်းဆိုးမသိ လုပ်ရက်ပါဘိ ကွယ်ရို့
ဒါ ဒို့ အမေ
ပြည်သူချစ်တဲ့ အမေ၊
လူထုချစ်တဲ့ အမေ၊
ရဲရဲတောက် အမေကွ   ။
 
ကိုလိုနီကို အံတု
ဖက်ဆစ်ကို မမှု
အာဏာရှင်ကို ဂရုမပြုတဲ့အမေ ဒို့အမေကွ   ။
 
လွတ်လပ်ရေး ဝန်
တော်လှန်ရေး ဝန်
ငြိမ်းချမ်းရေး ဝန်
အမျိုးသားရေး ဝန်
ဝန်  အလီလီ ထမ်းခဲ့တဲ့အမေ ဒို့အမေကွ   ။
 
စာပေဂီတ အနုပညာ
ရိုးရာ ယဉ်ကျေးမှု
လူမှုသမိုင်း
အမွေအပိုင်းပိုင်းကို ပေးသွားတဲ့အမေ ဒို့အမေကွ   ။
 
မြန်ပြည်သမိုင်းမှာ
သားသမီး အနန္တကို မွေးထုတ်
နောင်လည်း မွေးထုတ်အုံးမယ့် အမေ
အာဝေဏိက ဂုဏ်ရှင်
သား အနန္တရဲ့ မိခင်
သား အနန္တက ချစ်တဲ့အမေ
သား အနန္တကို ချစ်တဲ့အမေ
အနန္တ မေတ္တာရှင် အမေ
အနန္တ ကရုဏာရှင် အမေ
အနန္တ မုဒိတာရှင် အမေ   ။
လူထုအမေ ဒို့အမေကွ၊ ဒို့အမေ   ။

                        အောင်ဟိန်း (မုံရွာ)
------------------------------------------
 
 ငါတို့ခေတ်ရဲ့ ကြယ်တာရာ လူထုဒေါ်အမာ
 လူထုဒေါ်အမာ
အမေဟာ သင်္ကေတတခု
အသက်ရှိတဲ့ နိမိတ်ပုံ
သမိုင်းဇာတ်ခုံပေါ်က
နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေး
အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး
ကျောင်းသားသပိတ်
ပြည်သူ့စာပေ
အမေ ဘာနဲ့မှ လဲမစားခဲ့ဘူး   ။tunmyintaung-poem.jpg
 
ပူခြစ်တောက်လောင်နေတဲ့ ဖုန်းဆိုးမြေမှာ
အမေက
အမေ့ဘဝကို ကျောက်သားကျောက်ဆိုင်လို သဘောထား
လောကဓံရဲ့ အထုအဆစ်ကို ကြံ့ကြံ့ခံ
ခေတ်ကာလများရဲ့ ဇာတ်ဝင်တေးဂီတတွေကို
စည်းဝါး ပီသလာစေဖို့
ဂန္တဝင်မြောက် ရိုက်ချက်တွေနဲ့
အစွမ်းကုန် တီးခတ်
အဖိနှိပ်ခံ လူထုဘက်က
မားမားမတ်မတ် ရပ်တည်ခဲ့တယ်   ။
 
အမေတို့ခေတ်က အကြောင်းတွေကို
ပြန်ပြောပြနေတဲ့ အမေ့ရှေးစကား
ကျနော်တို့ ခေတ်များစွာအတွက်
လတ်ဆတ်တဲ့ တေးသွားတွေပါ အမေ   ။
 
မနာလိုစရာ ကောင်းလောက်အောင်
ကောင်းလိုက်တဲ့ အမေ့ပါရမီ
အိုကြီးအိုမနဲ့
ထမ်းထားလိုက်တဲ့ ဝန်တွေ
တချက်မငြီးဘူး
ကျနော်တို့ လူငယ်တွေထက်တောင်
အမေ့လက်စောင်းက ထက်သေး
နုပျိုနေလိုက်တာ
၈၈ မျိုးဆက်တွေ မပြောနဲ့
၂ဝဝ၇ ဗကသ မျိုးဆက်တွေနဲ့တောင်
စကားလက်ဆုံ ကျလိုက်သေး
ညီညွတ်ရေး
ငြိမ်းချမ်းရေး
အမေ တဖွဖွပြောခဲ့တဲ့ စကား
ကျနော်တို့ရဲ့ နှလုံးသားမှာ
ကျောက်သားအတိ ဖြစ်နေမှာတော့
အမေ စိတ်ချခဲ့ပြီပေါ့   ။
 
ကျနော်တို့
ငိုကြွေးမနေတော့ဘူး အမေ
အမေက သေသွားတာမှ မဟုတ်တာ
သူရဲကောင်းတို့ ကောင်းကင်ထက်မှာ
အလင်းလက်ဆုံး ကြယ်တာရာအဖြစ်နဲ့
နှစ်ပေါင်းများစွာ
မိုးစုံးစုံး ချုပ်နေတဲ့
စစ်ဖိနပ်ထဲက မြန်မာပြည်ကို
အမေ့နှလုံးသားပေါ်မှာ
မိုးစင်စင် လင်းစေဖို့
အမေ့အပြုံးတွေနဲ့
မျက်နှာသစ်ပေးအုံးမယ် ဆိုတာ ...
အမေ့ရိုးရာပုံပြင်တွေနဲ့
စာမျက်နှာအသစ်ကို ဒီဇိုင်းအသစ် ဆင်ပေးအုံးမယ် ဆိုတာ ...
အမေ မပြောခဲ့ပေမဲ့
ကျနော်တို့ သိနေတယ် အမေ
ကျနော်တို့ သိနေတယ်   ။    ။


ထွန်းမြင့်အောင် (၈၈ မျိုးဆက်ကျောင်းသားများ)
၂ဝဝ၈ ခုနှစ် ဧပြီလ ၈ ရက်
------------------------------------------
 
  မယုံသောသား
 မနောက်ပါနဲ့ အမေ၊ ထပါ
ပြုံးပြုံးကြီး အိပ်မနေပါနဲ့
အမေနဲ့သားတို့ ကိုးကွယ်တဲ့
သာမညဆရာတော်ကြီးကို
လူထုအမေ၊ ဒို့အမေနဲ့ သားတို့
သွားရှာရအုံးမယ်လေ    ။
 
အမေ့သမီး
သမီးစုရဲ့ ခြံတံခါးသော့
ရှာလို့တွေ့ရင် လူထုအမေဒို့အမေနဲ့
သားတို့ သွားဖွင့်ရအုံးမယ်လေ   ။
 
အမြဲအတည်ပြောတဲ့ အမေ
အမြဲဆုံးမတဲ့ အမေ
အမြဲပြုံးပြတဲ့ အမေ
ဒီတခါဘာလို့ သားတို့ကို နော်တာလဲ
အမေရေ - ထပါတော့ဗျာ   ။

                            နန္ဒ

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...