သန်းစိုးလှိုင် | ရန်ကုန်မြို့၏ မျက်နှာဖုံးဟု ဆိုအပ်သော ဆူးလေ လမ်းမကြီး၊ ယခင်က သံတမန် ကုန်တိုက် ယခုတော့ နိုင်ငံတော် သူဌေးကြီး ဦးတေဇ၏ မြန်မာ ရှော့ပင်းမောလ် ရှေ့မျက်နှာစာမှာ ညနေဖက် ရောက်ပြီ ဆိုလျင် လမ်းဘေး လက်ဘက်ရည်ဆိုင်များ၊ လက်ဘက်သုပ် ဆိုင်များ စီတန်းခင်းကျင်းကြပြီ။ ယခင်တုန်းက သစ်သား ခွေးခြေခုံ ပုပုလေးများကို သုံးစွဲခဲ့ကြသော်လည်း ယခုအခါ ထိုထက်ကိုပင် သေးငယ် ပေါ့ပါးသည့် ပလပ်စတစ် ခုံငယ်များဖြင့် လက်ဘက်ရည်ဆိုင်များကို ခင်းထားကြသည်။
ဦး … မုန့်ဖိုးပေး ဆူးလေ ဗဟိုမီးသတ် နဘေးရှိ ခုံငယ်တွင် ၀န်ထမ်းများ၊ လူငယ်များ၊ လက်ဘက်သုပ် စားရင်း စကားပြော နေကြသည်။ ထိုသို့ ရန်ကုန် ညနေခင်းကို လက်ဘက်သုပ်စား ရေနွေးကြမ်းသောက်ရင်း စကားပြောနေသူများ နဘေးသို့ ညစ်ပေနေသည့် အကီ်ျ၊ ပိန်လှီလှီ မျက်နှာငယ်ဖြင့် ၅နှစ် အရွယ် ကလေးငယ်က ကပ်လာရင်း `ဦး မုန့်ဖိုးပေး´ `ဦး မုန့်ဖိုးပေး´ ဆိုကာ အနားကပ် လက်ဖြန့်တောင်း နေသည်။ ထိုင်နေသူ လူငယ် နှစ်ဦးက ခေါင်းခါ ပြကာ မပေးလိုကြောင်း အမူအရာ ပြလိုက်သည်။ သို့သော် ကလေးငယ်က မိနစ် ၀က်လောက် ရပ်တန့် နေသေးပြီး ပေကပ်ကပ်ဖြင့် ထိုင်နေသူ၏ သနားခြင်းကို တောင်းဆို နေသည်။ သို့သော် လူငယ် နှစ်ဦးကလည်း ငွေ ၅၀၊ ၁၀၀၊ ၂၀၀ ကျပ်ကို မပေးသည့် အဆုံးတွင်မှ နောက်တ၀ိုင်းသို့ ကူးသွားပြီး တောင်းတော့သည်။
ကလေးငယ်များ၊ ကလေးကို လက်ဆွဲလျက် ကလေး အမေများ၊ ရန်ကုန်မြို့၏ လူစည်ကားရာ လမ်းဘေး လက်ဘက်ရည်ဆိုင်များ တ၀ိုက်တွင် လှည့်လည် တောင်းရမ်း လျက်ရှိသည်ကို တနေ့ထက်တနေ့ ပိုမိုမြင်တွေ့လာရသည်။ အချိန် နာရီဝက် တနာရီဝန်းကျင် လမ်းဘေးဆိုင်တွင် ထိုင်ပါက တောင်းရမ်းသူ အနည်းဆုံး လေးငါးဦးထက် မနည်း လာတောင်းသည်ကို ကြုံတွေ့ရမည် ဖြစ်သည်။
ရွှေဂုံတိုင် လမ်းဆုံမီးပွိုင့်နီစဉ် ဘတ်စ်ကား၊ ကိုယ်ပိုင်ကားများ စောင့်ရာနဘေး ပလက်ဖောင်းပေါ်တွင် ၄နှစ်အရွယ် ကလေးငယ်က ဘောင်းဘီမပါ၊ စွပ်ကျယ် အကျီဝတ်ထားပြီး ၀ါးကျည်တောက်နှစ်ခုကို ပလက်ဖေါင်းပေါ် ထုပြီး ကားပေါ်မှ ခရီးသည်များကို မော်ကြည့်ကာ `အိုးလေးလှုပ်ပါဟေ့၊ အိုးလေး လှုပ်ပါဟေ့´ သီချင်းကို မပီတပီဆိုပြသည်၊ နှစ်ပိုဒ်သုံးပိုဒ်ဆိုပြီးသည်နှင့် ပေါင်မုန့်ခြောက် နှစ်ချပ်ထည့်ထားသည့် ပလပ်စတစ်ခွက်ကို မြှောက်ကာ `မုန့်ဖိုးပေး´ ဟု တောင်းခံ တော့သည်။ အရွယ်နှင့် မမျှအောင် ၀ါးကျည်တောက်ဖြင့် အင်္ဂတေ ပလက်ဖောင်းကို ထုပြီး သီချင်းဆိုရှာသည့် ကလေးကို ကားပေါ်မှ ခရီးသည်များက ကရုဏာလည်းသက်၊ ခိုင်းထားသည့် မိဘဆိုသူများအပေါ်လည်း ဒေါသဖြစ်လျက်ရှိကြသည်။
ကြပ်တည်းမှု ချောင်ပိတ်မှုများမှ ထွက်ပေါက်
ယခင်ကထက်ပိုပြီး တောင်းရမ်းသူ ပိုများလာ၊ တောင်းရမ်းသည့် နည်းနာများလည်း ပိုမိုစုံလင်လာသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောဆိုကြသည်။ အချို့သောတောင်းသူများက လမ်းလျှောက်သွားရင်း ဆုံသူများကို “ဆေးရုံမှ ဆင်းလာလို့ ပြန်ဖို့ ခရီး စရိတ် မရှိလို့ ကူညီပါဦး´´ဟု တောင်းသည်လည်း ရှိသည်။
တောင်းရမ်းဖို့ရာ လသားနှစ်သား အရွယ် ကလေးငယ်များကို ငှားရမ်းသည်လည်း ရှိသည်ဟုဆိုကြသည်။ ကလေးငယ်များကို စေလွှတ် တောင်းရမ်း ခိုင်းပြီး ခပ်ဝေးဝေးမှ စောင့်ကြည့်သည့် အဖြစ်မျိုးလည်း တွေ့ရလေ့ ရှိသည်။ ၁၀နှစ်နဲ့ အထက် ကလေးငယ်များကို မိဘအရင်းကပင် တရက်ကို ကျပ် ၂ထောင် ၃ထောင်ရအောင် တောင်းရမ်း ခိုင်းသည့် အဖြစ်မျိုးလည်း ရှိသည်။ ထိုကလေးငယ် တွေမှာ ရန်ကုန်မြို့၏ တောင်၊ မြောက်ဒဂုံမြို့သစ် အစွန်အဖျားတွင်နေထိုင်ကြသည်ကို လည်းတွေ့ရကြားရသည်။ မည်သည့် အရင်းမျှ မစိုက်၊ ကျွမ်းကျင်မှုလည်း မရှိပဲ တရက်ကို ကျပ်သုံးထောင် ရသည့် အလုပ်အကိုင်မျိုး ရရန် မလွယ်ကူသည်မှာလည်း မြန်မာနိုင်ငံ၏ လက်တွေ့ အခြေအနေဖြစ်သည်။
ထိုသို့သော ကျပ်တည်းမှု၊ ချောင်ပိတ်ခံရမှု အကြား တောင်းရမ်းလျင် တနေ့ကို ကျပ်၂ထောင် ၃ထောင် အနိမ့်ဆုံးရနိုင်သည့် အတွက်လည်း ထိုထွက်ပေါက်ကို ထွက်သွားကြသည့် အဖြစ်ပင်။ လူသားတဦး၏ မာန်မာနကိုတော့ ရေမျှောလိုက်ကြရသည်။ ကျပ်တည်း ခက်ခဲလွန်းသည့် ဘ၀ကိုဖြတ်သန်းရန် မည်သည့် အကူအညီမျှ ရရန်မလွယ်ကူသည့် အဆုံး လူသားမာနကို ချရောင်းခဲ့ကြသည် အဖြစ်အပျက်များ အဖြစ် မှတ်ယူကြရသည်။
ကုမ္ပဏီ တခုတွင် ၀န်ထမ်းလုပ်ကိုင်သူ မိန်းကလေး တဦးက“ ကလေးတွေကို နောက်ကွယ်က လူကြီးတွေ ခိုင်းနေတဲ့ အဖြစ်ကို အားမပေးချင်ဘူး။ ကလေးကိုတော့ သနားတယ်။ ဒါပေမယ့် သူတို့ကိုပေးနေရင် အကျင့်ပါသွားမှာစိုးတယ်။ နောက်တခုက တယောက်ကိုပေးပြီး ကျန်တဲ့သူတွေကိုမပေးရင်လည်း မကောင်းဘူး။ အားလုံးကိုလည်း မပေးနိုင်ဘူး။ အကြွေလည်းရှားလာတယ်။ ၅၀၀ကျပ်တန် တော့လည်း မတတ်နိုင်ဘူးလေ´´ ဟုဆိုသည်။
အခြားသော ကုမ္ပဏီ ၀န်ထမ်းအမျိုးသမီးက “ကလေးတွေတောင်းတာ ကိုအားမပေးဘူး၊ သက်ကြီးရွယ်အို မလုပ်နိုင်မကိုင်နိုင်လို့ တောင်းရမ်းတဲ့သူဆို ပေးလေ့ရှိတယ်။ ကလေးတွေကတော့ တောင်းရမ်းတဲ့ ဘ၀မှာ ကြာရှည် ကျင်လည်မှာစိုးလို့ အားမပေးတာ´´ဟု ပြောသည်။
လမ်းပေါ်ကသူတောင်းစားများအတွက် အစိုးရ၏ နေရာ
ရန်ကုန်မြို့တော်၏ တောင်းရမ်းစားသောက်သူများကို တခါတရံ မြို့တော်စည်ပင် နှင့်ရဲတို့က ဖမ်းပြီး ပြန်လည်လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည့် အဖြစ်မျိုးလည်း ရှိခဲ့သည်။ ဘူးသီးတောင် မောင်တောဘက်ပို့ပြီး ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် နေရာချထားပေးသည့် အဖြစ်လည်း လွန်ခဲ့သည့် နှစ်ပိုင်းကရှိခဲ့သည်။ အချို့လည်း ပြန်ပြေးလာကြသည်။ မပြန်လာနိုင်သူတွေကတော့ ထိုဒေသမှာပဲ နေထိုင်လျက်ရှိသည် ဆိုသည့် သတင်းများလည်း ဖတ်ရှုရသည်။
ကလေးများ တောင်းရမ်းစားသောက်သည့် ပြဿနာနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဌါနက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌါန ဖြစ်သည်။ သို့သော် အဆိုပါဝန်ကြီးဌါန အနေဖြင့်လည်း လက်တွေ့တွင် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် မဟာဗျူဟာ၊ နည်းဗျူဟာ အသုံးစရိတ်တို့ လုံလောက်အောင် ရှိဟန်မတူ။
ပွဲဈေးတန်းများ၊ လူစည်ကားရာနေရာများ၊ လမ်းဘေး ပလက်ဖောင်းများတွင်လည်း လသားအရွယ် တနှစ်သား၊ နှစ်နှစ်သား အရွယ် ကလေးများကို ချကာနေပူမိုးရွာ မရှောင်တောင်းရမ်းနေသည့် အဖြစ်သည် ရန်ကုန်မြို့၏ အဂါင်္ရပ် တခု၊ ပုံရိပ်တခုဖြစ်လာနေသည်။
နိုင်ငံတကာတွင်လည်း တောင်းရမ်းစားသောက်သူ ပေါများသည့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား မြို့သည် ထင်ရှားသည်ဟု ဖတ်ရှုရသည်။ ရန်ကုန်မြို့သည် တစနှင့်တစ တောင်းရမ်းသူတို့၏ မြို့ဖြစ်လာသည်။ ရန်ကုန်မြို့သည် ယခုလောက် မည်သည့်ကာလကမှ တောင်းရမ်းစားသောက်သူမများခဲ့ဟု မြို့ခံများက တူညီစွာပြောဆိုကြသည်။
ယခုဖေါ်ပြခဲ့သည်မှာ လမ်းပေါ်မှ တောင်းရမ်းသူများ၏ အကြောင်းသာဖြစ်ပါသည်။ ရန်ကုန်မြို့၏ ဟိုတယ်ခန်းထဲမှာ၊ ဖိတ်ဖိတ်တောက်နေသည့် ရုံးခန်းများထဲမှာ၊ စုတ်ပြတ် ဟောင်းနွမ်းနေသည့် အစိုးရ ဌါနဆိုင်ရာရုံးခန်းများထဲမှာ ကြီးပွားရာကြီးပွားကြောင်း အတွက် အာဏာကို အသုံးပြုပြီး တောင်းရမ်းစားသောက်သည့် အဖြစ်အပျက်များကတော့ ယခုအဖြစ်များနှင့် မတူကွဲပြားသည့် အခြားသော တောင်းရမ်းမှု များသာဖြစ်ပါသည်။
(လွန်ခဲ့သည် သီတင်းပတ် မော်တင်၊ လမ်းမတော် – တန်ဆောင်တိုင်ပွဲခင်း ညဈေးတန်းတွင် တောင်းနေသူမိသားစု – ဓာတ်ပုံ မိုးမခ)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com