ပွင့်လှဦး - သီဟပတေ့
တရုပ်ပြေးမင်းကိုလည်း သားတော် ပြည်စား သီဟသူ အဆိပ်ခပ်သော ပွဲတော်ကို တည်ကျွေး၍ အနိစ္စရောက်တော်မူသည်။ ယင်းနောက်၊ ပုဂံပြည်မှာ သားတော် ကျော်စွာ မင်းပြုတော် မူသည်။ ယင်းသို့သောအခါ ပုဂံဥမျိုးဖြစ်သော၊ တူတော် ပွင့်လှဦး- မင်းသားကို သမီးတော် စောပုလဲနှင့် ထိမ်းမြားပြီးလျှင် သီဟပတေ့ဟူသော အမည်ကိုသနားတော်မူ၍ တောင်တွင်းကြီး မြို့၊ ပျက်ပြားယိုယွင်း အိမ်ခြေလူနေမရှိ ဖြစ်သည်ကို အဓွန့်ရှည်စွာ သာသနာတော် ပျံ့ပွားအောင် ပြုစုပြီးလျှင် ဘုရင်ခံ ထိန်းအုပ်နေထိုင် ရသည်။ အလုံးအရင်း ဆင်မြင်းအများ မြှောက်စားချီးမြှင့် စေလွှတ်တော်မူသည်။ ဤသို့ဖြင့် သက္ကရာဇ် (၆၄၀) ပြည့်နှစ် တွင် တောင်တွင်းကြီးမြို့ကို မင်းကြီးသီဟပတေ့ ထပ်မံတည် ထောင်ပြုစုတော်မူသည်။ မြို့ပြ ပြည်ရွာ သာသနာလည်း အလွန်စည်ကား ထွန်းလင်းသည်။
ကျောက်ခဲမှ ငွေချက်လုပ်ခြင်း
တရံရောအခါ အနောက်နိုင်ငံမှ ငဇင်္ဂါ အမည်ရှိသော ကုလားလူမျိုး တစ်ယောက် သည် တောင်တွင်းကြီးမြို့ သို့ ရောက်လှာ၏ ။ ကျောက်ကိုချက် လျှင် ငွေဖြစ်သောဟူ၏။ မင်းကြီး သီဟပတေ့ လည်း ငွေချက်တတ်သော အတတ်ကို တတ်လျှင် ဆင်းရဲသားတို့မှာ ညှဉ်းပန်းနှိပ်စက်၊ ကြေးငွေတောင်းခံမရှိ၊ သာသနာတော်မှု၊ ပြည်ရေးတိုင်းမှုများကို ကောင်းမွန်အောင် ဆောင်ရွက် နိုင်ရန်သောအကြောင်း။ ထိုမှတပါး- အခြားသောနိုင်ငံကို အလိုရှိခဲ့မူလည်း မတိုက်မခိုက်၊ ဒါနဥပါယ်ဖြင့် အသာလွယ်ကူ၊ ရယူနိုင်ရန်အကြောင်းဖြစ်သည်။ ယင်းသို့ဖြစ်သောကြာင့် မင်းတို့ ၏ မာယာဖြင့် ချောက်လှန့့် ၊ ချော့မော့ ကာ တောင်းဆိုသည် ။ မပေး မရသောကြောင့် သမီးတော် စောမွန်စီ နှင့် ထိမ်းမြားပြီးလျှင် တောင်တွင်းကြီးမြို့အရှေ့၊ ခရီး တစ်တိုင်ကွာ တွင် ငွေဖြစ်တတ်သော ကျောက်များကို သယ်ယူပေးအပ် ချက်လုပ်စေသည်။ တစ်ရက်တစ်ရက်တွင် ချက်လုပ်သောငွေကား ဆင်မ ယာဉ်သာ တဥက္ခောင်းခန့် ရသောဟူ၏။
ရွှေအင်းတောင်စေတီကို ပြင်ဆင်မွမ်းမံခြင်း
ထိုသီဟပတေ့မင်းကြီးသည် ချက်လုပ်၍ ရသောငွေတော်များကို ဆင်းရဲသားတို့အား ဝေငှပေးကမ်းတော်မူပြီးလျှင် မြို့လုလင်အရှေ့ ၊ စွန်ချောင်းဖျားတွင် ချိန်ဝန် ၁၅၀၀-ရှိ၊ ၂၀၀၀-ရှိ ၃၀၀၀-ရှိသော ကျောက်များကိုတူးဖော် သယ်ယူစေ၍ ဇေယျမင်္ဂလာမြတ်စွာ ဘုရားမှာ ပထမ ဘိနပ်တော်တွင် သရွတ် အင်္ဂတေမံ၍ အောက်ခံအခင်း ပြုတော်မူသည်။ ရှေးမင်းတို့တည်ခဲ့ သော စေတီတော်အမြင့် အတောင် ၃၀ ခန့်ကိုလည်း၊ သံတောင် ၆၆ တောင်မြင့်အောင်-
ပထမစေတီရံ- ၁၇၄။ ဒုတိယ စေတီရံ- ၉၈။
တတိယ စေတီရံ -၉၁။
ဘိနပ်တော် အ၀န်း -၉၆ တောင်။
များနှင့် ထပ်မံ တည်လုပ်တော်မူသည်။
အံ့ဘွယ်သရဲ ကျောက်တုံးကျောက်ပြားများ
ထုဗျက် တစ်တောင်စီ အရှည် ၁၂ တောင်ရှိသောကျောက်များကိုလည်း မကျိုးမပဲ့စေရ၊ ရင်ပြင်တော်လေးမျက်နှာ လှေခါးတွင် ခင်းထားပြုလုပ်တော်မူသည်။ မုခ်ထောက်လှေခါး၊ ကြေး စည်တိုင်များ ကိုလည်း ရှည်လျားကာလ၊ ကပ်ကမ္ဘာမျှတအောင် ထောက်ဆမြော်ခေါ်၍ သူတော် သူမြတ်နှင့် ကြီးကြပ် ပြုလုပ်တော်မူသည်။ ပထမမြို့တည် မင်းတို့လက်ထက် မြွေစပါးကြီး ရစ်ပတ်တွေ့ရှိသည် ကို အကြောင်း ပြု၍ စေတီတော်မြတ် ကို မြွေစပါးကြီး ပတ်ခွေသော အဟန်၊ သဏ္ဍာန်မခြား ကျောက်သား မြွေစပါးကြီး ထုလုပ် ထားတော်မူသည်။ သီဟပတေ့မင်းကြီး သည် ပီတိငါးပါးတွင် တစ်ကိုယ်လုံး ပျံ့နှံ့ စေတတ်သော ဖရဏာပီတိ ရှိတော်မူလတ်ရကား၊ ကိုယ်တော်မှစ၍ သားတော်၊ သမီးတော်တို့၊ ရွှေကိုယ်လေးငွေကိုယ် လေးမျာကို ရုပ်ရှင်တော်မြတ် သွန်းလုပ်၍ ဌာပနာတော်မူသည်။
အနောက်ပန်းတွင်းရွာ၊
အရှေ့ပန်းတွင်းရွာ၊
ဆီးမီးထွန်းကြီးရွာ၊
ကျွဲဖြူကန်ရွာ၊
ခင်တဲရွာ၊
ကြက်မောက်ရွာ၊
ငမင်ရွာ၊ ထို ၇ ရွာကိုလည်း ဇေယျမင်္ဂလာ မြတ်စွာဘုရားတွင် ကျောက်တိုင်စိုက်မှတ်၍ ၀တ်မိုး ၀တ်မြေ လှူတော်မူသည်။
မြေ၀န်းနိမိတ်ကား -
ဘုရားအရှေ့စောင်းတန်းက မောင်းတိုင်တံခါး၊
ထိုက - ငွေဖိုရွာ၊
ထိုက - ကျောက်စရစ်ကန်ငယ်၊
ထိုက -ကျွန်းရိုး၊
ထိုက- စောမိနံ့သာဇရပ်၊
ထိုက- စည်ကြီးဆွဲညောင်ပင်၊
ထိုက -ကြက်တိုက်ညောင်ပင်၊
ထိုက -ပန်းဆေးချောင်း၊
ထိုက -မျောက်ငိုပင်၊
ထိုက -ကျောက်မြောင်း၊
ထိုက -ပန်းသူချောင်း၊
ထိုက -ခင်တဲ၊
ထိုက- ရတနာဒေ၀ီညီအစ်မကောင်းမှု၊
ထိုက- ကြေးနီချောင်းရိုး၊
ထိုက- မြို့ရိုးအနောက်မြောက်ထောင့်၊
ထိုနိမိတ် အတွင်းမြေများကို ဘုရားဆု ပန်တော်မူပြီးလျှင်၊ ဒဿဘာဂ မြေဆီခွန် နှင့်တကွ လှူတော်မူသည်။ ယင်းသို့ဖြစ်သောကြောင့် အမရပူရ ပထမမြို့တည်၊ ဆဒ္ဒန်မင်းသခင်၊ ဆင်ဖြူ ရှင်များရှင် မင်းတရားကြီး လက်ထက်တော် ၁၁၄၅ ခုနှစ်၊ စစ်တမ်းတွင် မင်းကြီး သီဟပတေ့ လှူမြေဖြစ်၍ မြေဆီမြေခွန် သွင်းရကြောင်းများနှင့်-
ငမင် မြို့သူကြီး - ငကောင်း
ကျွဲဖြူကန်သူကြီး - ငမြတ်သာ
အနောက်ပန်းတွင်းသူကြီး - ငမြတ်ဦး
ဆီမီးထွန်းသူကြီး - ငမြတ်ဝင်း
ခင်တဲသူကြီး - ငခွေး တို့၊ အစစ်ခံ ထင်ရှားနှင့် ဖြစ်၍ ၊ဤစကား၌ ယုံမှားမရှိအောင် သာဓက ပြဆိုသော အချက်တည်း။
အာရုံမြှော်ဘုရား ၂ဆူ
ထို့အပြင် မြို့မြောက်ဘက် တာငါးရာ ကွာ အရပ်တွင်လည်း သီဟိုဠ်ရောက် ဆရာတော် သီတင်းသုံးသော အရပ်တွင် သမီးတော် မယ်စောလှ၊ မယ်စောမြတို့က အာရုံမြှော် ဘုရား၂ဆူ တည်တော်မူသည်။ ထိုဘုရားကို ညီအစ်မကောင်းမှု- ဟုခေါ်တွင်သည်။ ရတနာဒေ၀ီ ဟူ၍လည်း ခေါ်တွင်ကြသည်။
တောင်တွင်း သီဟပတေ့မင်းကြီးအား ပုဂံသို့ဖမ်းဆီးခေါ်ဆောင်ခြင်း။
တရံရောအခါ ပုဂံပြည်၊ မင်းကြီးကျော်စွာသည် အာဒိစ္စ၀ံသ၊ အသမ္ဘိန္န၊ သာကိရဥက္ကဌ်၊ အစဉ်မပြတ်၊ မြတ်သောမင်းမျိုးဖြစ်လျက်၊ မြေးတော်စောမွန်စီကို၊ ဒီလီပီဇာ လူမျိုးခြား၊ ငဇင်္ဂါနှင့် ထိမ်းမြားလက်ထပ်ကြောင်းများကို ကြားသိတော်မူလျှင် အမျက်ချောင်းချောင်း ထွက်လျက် အမိန့်တော်ရှိသည်ကား- တောင်တွင်းစားငယ် သီဟပတေ့သည် ရသေ့တို့မွေးသောဆင်၊ သခင်၏ကျေးဇူးကို အထူးမသိ၊ မိမိစွမ်းပကားနှင့် ၊ ရသေ့အား နင်းသတ် သကဲ့သို့လည်းကောင်း၊ မာတာဟိန္နဿ၊ ပိတာဟိန္နဿ၊ မိဘနှစ်ဦး၊ တစ်ဦး ယုတ်ညံ့၊ မစင်သန့်က၊ အထူးမသိ၊ မိမိစွမ်းပကားနှင့်မစဉ်းမစား၊ မခန့်မငြားဘဲ၊ မတရား မတော် မမှန်သော အကြံအကျင့်ကို မချင့်မမြော် မသူတော်စရိုက်နှင့်သာ နှစ်ခြိုက်လေ့လာကြောင်း၊ ထုံးဟောင်းသာဓက ပြဆိုသည်နှင့်အညီ ၊သင့်အဘမူ- အသည်သား၊ သင့်အမိကား၊ နေနတ်မျိုး၊ လူဆိုး လက္ခဏာ ၊ ဘင်္ဂါ ကုလားတို့နှင့် ပေါင်းနှော၍ ငါသို့သောသူကို ပုန်ကန်မည် အရေးနှင့် သမီးပေး သမက်ဖမ်းပြုသည်။ သို့ဖြစ်၍ သင်းတို့ လင်မယားကို သူတပါး ကွပ်မျက်သည်နှင့် မတူသော ကွပ်မျက်ခြင်းဖြင့် ကွပ်မျက်တော်မူမည်။ မထွက် မလွတ်စေရ ၊ လည်ကြိုးတပ်၍ ဆောင်ယူခဲ့ရမည်- ဟု မိန့်တော်မူပြီးလျှင်- ပုပ္ပါးမြို့စား အမတ်ငသက်ရှည်ကို အမှုထမ်းလူ ၁၀၀ ထပ်၍ ခေါ်ယူစေသည်။ မင်းကြီးသီဟပတေ့လည်း သတ္တိဗလ ၊ ဗျတ္တိဗလ နှစ်ပါးတွင်- သတ္တိဗလဖြစ်သော စစ်ဆင်စစ်တက် လက်ရုံးအရည်သည်၊ အလွန်ကောင်းသော ယောက်ျားမှန်၏။ ထို့ထက် ဗျတ္တိဗလ ဟူသော ဥာဏ်ပညာအကြောင်းမှာ- သာလွန်ထူးကဲသော အကျင့်တရား သိမ်းပကားပြု ညှိနှိုင်း တိုင်ပင် စီရင် ဆုံးဖြတ်လျက် အမှတ်အသား၊ များပြား တတ်မြောက်သူ ဖြစ်သောကြောင့်၊ အလုံးအရင်းဆင်မြင်း ကျေးကျွန်၊ အလွန်ပေါများသောဂုဏ်၊ အလုံးစုံရှိလျက် မခုခံ။ အဘယ်သို့သော အကြောင်းဖြင့် မခုခံလေသနည်း။ ဘုန်းပါရမီအားဖြင့် ဆင်းရဲသားပြည်သူတို့၊ ချမ်းသာအောင်ရှာမှီးလျက် ငွေချိန်ပိဿာ ၅၀ါ၊ တစ်လလျှင် ၁၅၀၀ါ အခါလည် တစ်နှစ်လျှင် ၁၈၀၀၀ါ - ရသော ကျေးဇူး ဥပကာရသည်၊ ဇမ္ဗူဒီပါ၌ ကျော်စောခြင်း ပကာသနသည် ထင်ရှားဖြစ်ပါစေတော့- ဟု သဘောနှလုံးထားလျက် ပုဂံပြည်သို့ လိုက်သည်။
ကန်တရာ
စခန်းချရပ်တိုင်းသော အရပ်တို့၌ေ၇ကန်တစ်ကန်စီ တူးလုပ်တော်မူ၍ ကန် ၁၀၀ စေ့သော အရပ်သို့ ရောက်လျှင် တရာရွာ သမုတ်၍ ကျေးရွာတည်ထား လှည်းနွား ဆင်မြင်း ထားခဲ့သည်။ ယခုတိုင် ကန်တရာရွာ ဟု ထင်ရှားရှိလေသည်။ ကျောက်ပန်းတောင်းမြို့သို့ ရောက်၍ အမှုထမ်းရဲမက်တို့ ချက်ပြုတ် စားသောက်ရန် အိုးခွက် ငှါးရမ်းလျှင်လည်း- ဤမင်းသီဟပတေ့ကား ရာဇ၀တ်အပြစ် ကြီးမားစွာနှင့် ခေါ်သူ၊ လူရှင်မဟုတ် လူသေဖြစ်သည်။ ဆို၍ အိုးခွက်ကို မဆိုထားဘိ တည်းခို နေထိုင်ရန်ကိုမျှ ခွင့်မပေးရှိလျှင် - အမျက်ပြင်းစွာ ထွက်၍ မင်းကြီး သီဟပတေ့အမိန့် တော်ရှိသည်ကား- ပုဂံပြည်မှ ပြန်လျှင် ဤမြေ ဤရေ များကို ဘုရားတည်လုပ်၍ ၀တ္တကံမြေ လှူဒါန်းမည်။- ဟုအဓိဌာန် တည်ပြီးလျှင် မြလက်စွပ်ကို မြေတွင် မြှတ်ထားတော်မူခဲ့သည်။
ပုဂံပြည်သို့ေ၇ာက်လျှင် မှူးမတ်တို့ကို များစွာသော ရွှေငွေတို့ဖြင့် ပေးကမ်းခြင်း ချက်လုပ်၍ရသော၊ ငွေတော်ပိဿာ ( ၅၀၀၀) ငါးထောင်နှင့် ရှေ့တော်သို့ ၀င်ရောက်ဆက်သခြင်း၊ ကုလားလူမျိုးခြား ငဇင်္ဂါကို သဘာဝအမူ၊ ဇာတ်မတူ သော်လည်း၊ ပြည်သူတို့ချမ်းသာက သတ္တ၀ါတစ်ဦး မျက်နှာကို ညှာသင့် မညှာသင့် ထောက်ချင့် စာနာ၍ ငဇင်္ဂါမျိုးခြားနှင့် ထိမ်မြား လက်ထပ်ကြောင်း၊ ထိုအရပ်ရပ်များနှင့် လျှောက်ထားပြောဆိုလျှင်- အို.. ဘဲ့သား ဟု ချီးမွမ်းတော်မူပြီးမှ၊ ဤသီဟပတေ့ကား- ငါ၏အကျိုးစီးပွား၊ ပြည်သူသတ္တ၀ါတို့ အကျိုးစီးပွားကို လိုလားသူ ဖြစ်ပေသည်။ နောက်သားနောင်လာ ကမ္ဘာစဉ်ဆက် အလက္ကဒူပ ပြောကြစရာ၊ ပညာကို ရှာမှီးသူ ဖြစ်ပေသည်- ဟု မိန့်ဆိုတော်မူပြီးလျှင်- သမီးတော်ကို- သီရိမဟာ ရတနာဒေ၀ီ ၊ သမက်တော်ကို- မဟာသက်တော်ရှည် သီဟပတေ့ဘွဲ့။ အစီးအနင်းများနှင့် ကျောက်ပန်းတောင်းမြို့ ၊ ပုပ္ပါးမြို့ များကို ထပ်မံ ပေးသနားတော် မူလေသည်။ ငွေချက်သော ကျောက်များကို အိမ်ထောင်စုံ (၁၀၀) တစ်ရာ ကိုလည်း ပေးသနားတော်မူသည်။
ကျောက်ပန်းတောင်း- မြစည်းခုံ
ယင်းသို့လျှင် အရပ်ရပ်များကို ချီးပ မြှောက်စား ပေးသနားတော် မူပြီးမှ အပြန် ကျောက်ပန်းတောင်းမြို့သို့ ရောက်လျှင်- အဓိဌာန် ပြုလုပ်၊ နှံမြုပ်ခဲ့သော မြလက်စွပ်တော်ကို ဖော်ယူဌာပနာ၍ မြစည်းခုံ ဘုရား တည်ထား ကိုးကွယ်တော်မူသည်။
ကျောက်ပန်းတောင်းမြို့ စီရင်စု၊-
၁-ငလတ်ရွာသူကြီး - ငသော်တာ
၂- အင်းဖြိုးသူကြီး - ငမင်း
၃- ကြံစို့ပြည်စိုး - ငအောင်နိုင်
၎- အနောက်ကျင်းသူကြီး- ငကောက်
၅- ရွာလတ်သူကြီး- ငလတ်
၆- ဥသျှစ်မြောင်သူကြီး- ငရဲဘက်
၇- ပိန္နဲပင်သူကြီး- ငစစ်
၈- တငါကန်သူကြီး- ငအောင်ချင်း
၉- မန်ကျည်းရှည်သူကြီး- သား အဘ
၁၀- ကန်ဆည်သူကြီး-
၁၁- ရွာပုသူကြီး-
၁၂- ဆင်တိုင်သူကြီး
၁၃- ညောင်ကန်သူကြီး-
၁၄- ရွာမသူကြီး ညီ-အကို
၁၅- တောင်ခြေသူကြီး
၁၆- ညောင်ပင်သူကြီး၊
၁၇- အင်ပင်သူကြီး- သား -အဘ
၁၈- ကန်သာပုသူကြီး- သား- အဘ
၁၉- ရွာလှသူကြီး
၂၀- တွင်းနီသူကြီး
၂၁- တွင်းဖြူသူကြီး၊
၂၂- လက်ပန်သူကြီး၊
၂၃- ပန်းများသူကြီး၊
၂၄- လင်းနို့ချောင်းသူကြီး၊
၂၅- သရက်ချဉ်သူကြီး- သား-အဘ၊
တို့ကို သားမယားနှင့် တကွ၊ မြစည်းခုံဘုရားမှာ ပေါင်းတံမျက် သုတ်သင်စေရန် လှူတော်မူသည်။ သက္ကရာဇ် ၆၄၇ ခုနှစ်၊ မြင်းဖေါင်းဝတ်ကျောတွင် ပတ္တမြားစီက တင်လျက်၊ စီးနင်းတော်မူပြီးလျှင် မင်းကြီး မဟာသက်တော်ရှည် သီဟပတေ့လှည့်၍ လှူတော်မူသော ရွာမြေ၊ အပိုင်း အခြားသည်ကား-
၁- ပေါက်သစ်ရွာမြေ၊-
အရှေ့ကိုအလား - အင်ကြင်းတော၊ မကြီးတောင်၊
တောင်ကို- အိုးထိပ်တွင် ညောင်ကန်၊
အနောက်ကို -ရွာလုကန်၊
မြောက်ကို- ကန်သာပုကျင်း၊
ဤသည်လျှင် နိမိတ် အပိုင်းအခြား
၂- ဆွဲတင်ရွာမြေ၊
အရှေ့ကို- မုန်စုတ်ရွာမြေနှင့်
တောင်ကို-ကွေ့နီချောင်း၊
အနောက်ကို - မဲထီးမြေနှင့် အစပ်၊
မြောက်ကို- သက်ငယ်ကျင်း၊
ဤသည်လျှင် နိမိတ်အပိုင်းအခြား၊
၃ - သံဖိုရွာမြေ၊-
အရှေ့ ကို -ဆည်ကျချောင်းရိုး၊
တောင်ကို -အလယ်ကန်၊စောပလာဇရပ်၊
အနောက်ကို- ကုန်းခင်ထိ၊
မြောက်ကို- သလူကန်
ဤသည်လျှင် နိမိတ်အပိုင်းအခြား။
၎ -ကန်ပေါက်တိုရွာမြေ၊
အရှေ့ကို -ကျောက်တိုင်ကန်၊
တောင်ကို- ချောင်း
အနောက်ကို- ရေဝေကုန်းခင် အခြားတဘက်၊
မြောက်ကို- နတ်အိမ်တောင်ရိုးထိ၊
ဤကား နိမိတ် အပိုင်းအခြားတည်း။
ထို့အပြင် ၀က်ချက်လူ ယောက်ျားမိန်းမ ၅၆ ကိုလည်း လှူတော်မူသည်။
ဤသို့လျှင် ငါလှူတော်မူသော ၀တ္တုကံရွာမြေ၊ အရာမ်စောင့်၊ ၀က်ချက်၊ ကျွန်သီးတော်များကို ဖျက်ဆီးသူတို့သည် မဟာအ၀ီစိငရဲ၌ အမြဲခံရသည် ဖြစ်စေသော်......။ ငါသည်လည်း ဤကောင်းမှု အဘို့အားဖြင့် နိဗ္ဗာန်ပါရမီ အကြား၊ ဘုရား တကာတို့ ဖြည့်တော်မူမြဲဖြစ်သော ပါရမီ ၁၀ ပါး၊ အပြား ၃၀ တို့ကို ဖြည့်ကျင့်နိုင်သော ကိုယ်ဖြစ်ရပါလို၏။ ဟု ကျောက်စာမော်ကွန်း စိုက်မှတ် လှူဒါန်းတော်မူပြီးလျှင် တောင်တွင်းကြီးမြို့သို့ ဆုတ်ခွာတော်မူခဲ့သည်။
နတ်မောက်မြို့တောင် ပေသင်ဖြူးချောင်းသို့ရောက်လျှင်- ထိုချောင်းတောင်ဘက် ကုန်းစက်ရေကျလျှော၍ တောင်တော အခြေအနေ သန့်ပြန့်သည်ကို ရပ်တန့်ကြည့်ရှုတော်မူစဉ်- သမီးတော် ၅ ပါး တောင်းပန်သည် ဖြစ်၍ မုခ် ၅ ပေါက်နှင့် သမီးတော်တို့ ကိုယ်စား၊ ဘု၇ားတစ်ဆူ တည်တော်မူသည်။ ထိုဘုရားကို ငါးမျက်နှာဘုရား ဟုသမုတ် လှူဒါန်းတော်မူပြီးမှ တောင်တွင်းကြီးမြို့သို့ ဆုတ်ခွါပြန်ရောက်တော်မူသည်။
ရွှေေ၇ာင်တော်၌ ပြုပြင်လှူဒါန်းခြင်း
တရံရောအခါ မင်းကြီး သီဟပတေ့၊ ရွှေေ၇ာင်တော်ဘုရားကို အဖူးအမြှော်ထွက်တော်မူရာ ရောင်ခြည်တော်တို့သည် အထူးအဆန်း ပြည့်လျှမ်း မောက်ဖြိုး တန်ခိုးပြာဋိဟာ ပြသည်ကို ဖူးမြင်ရသဖြင့် အလွန် နှစ်သက် ကြည်ညိုတော်မူသည် ဖြစ်၍ ရွာကြီး ၅ ရွာကို နယ်နိမိတ်ပိုင်းခြား၍ မြေဆီမြေခွန် လှူတော်မူသည်။ လှူတော်မူသောမြေကား.....
၁- ကြက်ဆူတောရွာ
၂- ဆူးပန်းရွာ
၃- အင်းရွာ
၎- သားတိုးတန်းရွာ
၅- အိုးထိန်းတောင်ရွာ
ထိုငါးရွာ၏ ပယ်ဝန်း.....
ရွှေရောင်တော်ဘုရားက၊
အရှေ့ကို မန်ကျည်းဆိုင်းတွ၊
ထိုက မြောက်ကို -ဘွတ်လျှော်အင်း၊
ထိုက မြောက်ကို- ပေမစိ
ထိုက အနောက်ကို - ကျောက်ငါးကြင်းရုပ်၊
ထိုက အနောက်ကို - ဗေဇလီအိုင်ကြီး
ထိုက အနောက်ကို- ဆူးပန်း
ထိုက အနောက်မြောက်ကို- ယင်းချောင်း
ထိုက တောင်- မန်ကျည်းဆိုင်းတွ
နိမိတ်လေးရပ် သတ်ဆိုပြီးလျှင် ကျောက်စာကမ္ဗည်းစိုက်မှတ် လှူဒါန်းတော်မူသည်။
တရံရောအခါ မင်းကြီးသီဟပတေ့ မိန့်ဆိုတော်မူသည်ကား- ကျောက်ပန်းတောင်းမြို့ နေ၊ မြို့သားတို့သည် ငါသို့သော တိုက်ဆင် ၄၀ ရှင်ကို မလေးမစား ပြုကျင့်ကြသောကြောင့် မြစည်းခုံ ဘုရားမှာ လှူထားခဲ့ကြောင်း၊ ထိုအ၇ာသည် သတ္တ၀ါတို့ ဓလေ့၊ ပျက်စီးရန် အချိန်တွေ့က မေ့မေ့လျော့လျော့ လုံ့လပေါ့သဖြင့် သွမ်းသော့ ညစ်ညမ်း ရုပ်ရည် နွမ်းသဖြင့် ပင်ပန်းဆင်းရဲ ရှိသည်- ဟုမှူးမတ်အစုံတွင် အမိန့်တော်ရှိသည်။
ယင်းသို့သောအခါ ပညာရှိအမတ် နန္ဒကျော်ထင် လျှောက်သည်ကား..
ပုဂံပြည် နရပတိစည်သူမင်းကြီးသည်၊ အမှုထမ်းကောင်းဖြစ်လျက် ငအောင်စွာငယ်ကို ကွပ်မျက်ခြင်း၊ အနော်ရထာမင်းစောသည် ခြေလျင်ကုလားသား ဖြစ်သော ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့ကို ကွပ်မျက်ခြင်း။ နရပတိ အမည်ခံသော မင်းခွေးချေးသည် ပညာရှိ အမှုထမ်းကောင်းဖြစ်လျက် အဘိုးရာဇသင်္ကြန်ကို ဒလအ၇ပ်သို့ ပို့ထားခြင်း၊. များသည် မင်းကို မရိုမသေ ၊ မချေမငံပြုခြင်းကြောင့် မိမိတို့ အပြစ်နှင့် လျော်စွာ ခံရခြင်း ဖြစ်ပါသည်။ မင်းတို့ဟူက လောင်ပူရဲရဲ၊ မီးကျီခဲသို့ ဟူ၍လည်းကောင်း။ ထိုမှတပါး........
ခတ္တိယောစ = မင်းလည်းကောင်း။
ဥရင်္ဂေါစ = အဆိပ်ထန်သော မြွေလည်းကောင်း၊
ပါဝါကံ = မီးလည်းကောင်း၊
သမဏံ = ရဟန်းသံဃာတော် လည်းကောင်း၊ က္ကုမေ စတ္တရော = ဤလေးယောက်သော သူတို့ ကို ပဏ္ဍတော = ပညာရှိသာ အမျိုးကောင်းသားတို့သည်။ ဒဟေ၇ာတိ = ငယ်၏ ဟူ၍၊ နာတိမညေယျ = မထေမဲ့မြင် ၊ မအောက်မေ့ရာ။ ဟူ၍ ကျမ်းလာစကား ၊ ထင်ရှားရှိသည်ကို၊ မမြော်မထောက်၊ထိုသူတို့သည် မတရား မတော်မှန်၊ ဖောက်ပြန်ဆိုးသွမ်း၊ စိုးမှန်းမင်းမှန်းမသိ၊ ကျင့်မိလိုရာ ပြုသောကြောင့် ဘုရား၌ လှူတော်မူသည် အရေးမှာ- အသက်ဘေး ချမ်းသာလျှင်ပင် မိမိတို့ အပြစ်ကို ထောက်စာက၊ ကောင်းရာကောင်းကြောင်း၊ ဖြစ်ပါသေးသည်- ဟုလျှောက်ထားလျှင်......
အားရနှစ်သက်တော် မူသောကြောင့်၊ အမတ်ကြီးနန္ဒကျော်ထင်ကို ပတေ့နန္ဒကျော်ထင် ဟူသော ဘွဲ့မည်နှင့် အနီးအပါး၊ သွားလာေ၇ာက်ပေါက်နိုင်သော ပေါက်အင်း ရွာကို အစား သနားတော်မူသည်။
ပတေ့ဆည်
ထိုအမတ်ကြီး သည်လည်း မိမိ စားကျေးဖြစ်သော ပေါက်အင်းရွာ အနီး၊ ရေစီးရေ၀င်ကောင်းရာ ပြုစုသော ဆည်ကို ပတေ့ဆည်ဟု ယခုတိုင် ထင်ရှားကျော်စော သည်။
ထိုအမတ်ကြီး-နန္ဒကျော်ထင် ထပ်၍ လျှောက်ပြန်သည်ကား.........
အရှင်မင်းကြီး ....... .ဝေဒဗ္ဗဇာတ်တွင်၊ ပုဏ္ဏား တစ်ယောက်သည်၊ နက္ခတ်ကို ကြည့်မြှော်လျက် ၊ဝေဒဗ္ဗ မန္တာန်ကို သရဇ္ဈာယ် လျှင် ရွှေငွေတို့ သည် ၊ ကောင်းကင်မှ များစွာ ကျရောက်ကြောင်း ကို ဟောတော်မူသည် ။ ပုဂံပြည်၊ ငသည်လည် ကြောင်မင်း လက်ထက်လည်း၊ အဇ္ဈဂေါဏဆရာ ၊ရွှေ ငွေ ဖြစ်၍ - ဆင်းရဲသားတို့ သုံးစား၍ မကုန်နိုင်အောင်ရှိကြောင်း၊ ရွှေမိုး- ငွေမိုး ရွာကြောင်းများမှာ ကြားဘူးကာမျှ ဖြစ်ပါသည်။ ယခုမှာ တမူကား- ရှင်မင်းကြီး ၏ ရွှေဘုန်းတော်မြတ်ကြောင့် ၊ ကျောက်ခဲကို ကောက်ယူချက် လုပ်ကာမျှဖြင့်၊ တစ်၇က်လျှင် ငွေချိန်ပိဿာ (၅၀)ငါးဆယ်၊ တစ်လလျှင် (၁၅၀၀)ထောင့်ငါးရာ ၊ တစ်နှစ်လျှင် (၁၈၀၀၀) သောင်းရှစ်ထောင်၊ များမြောင်ကြွယ်ဝ၊ လိုမတ ရှိလျက်နှင့် လက်နက်လူသူပေါများ၍ အခြားသောနိုင်ငံရှင်တို့ အန်တုဝံ့တော့မည် မဟုတ်ပါ။ မက္ခရာ၊ မြင်စိုင်းတွင် ထီးပြိုင်နန်းပြိုင်၊ မင်းပြိုင် လုပ်သော ညီနောင်သုံးပါး တို့သည်၊ မင်းရိုးမဟုတ်၊ ယုတ်ညံ့သော ဘိန္နကရာဇ်မျိုး၊ မှူးရိုးမတ်နွယ် ဖြစ်သော သိင်္ခဗိုလ်သား၊ ထောင်ထားရိုင်းပြ၍ အာဒိစ္စနန်းရိုး၊ ဥမျိုးဖြစ်သော ပုဂံမင်းကို ချင်း တို့လည်ဆယ်၍ ဥပါယ်တမျဉ်နှင့် ၊ တိုင်းပြည် ကို နှောင့်ယှက်ဖျက်ဆီး ကျင့်ကြံ့သူများ ဖြစ်ပါသည်။ ယင်းသို့သောအားဖြင့် ဆင်းရဲသား ကျွန်တော်မျိုး တို့ကို ရွှေငွေ ပေး ကမ်း ဖြန့်ချိခြင်း ၊ ပြည်မင်း ၊ တောင်ငူမင်း ၊ ရခိုင်မင်းတို့ထံလည်း လက်ဆောင်၊တံစိုး၊ ထည်မျိုး၊ အုပ်မျိုး၊ အဘိုး ထိုက် တန်အောင် စီမံ ပေးကမ်းခြင်း ပြုလုပ်၍- သိင်္ခဗိုလ်သား၊ လူရမ်းကားတို့ ကို ၊ ထွားထွားကြေညက်၊ တိုက်ခိုက်ဖျက်ဆီး သိမ်းယူလျှင်... လွယ်ကူ အောင်မြင်အံ့သော အကြောင်းရှိပါသည်။ ပြည်ကြီးသနင်း၊ မင်းတို့ မည်သည်၊ စည်စည် ပင်ပင်၊ တိုင်းခွင်ပြည်သား၊ အစားအစာ ရတနာရွှေငွေ၊ ဆန်ရေ ပြည့်ဖြိုးက ၊ သင့်နိုးရာ နိုင်ငံကို၊ အကြံမချ၊ လုံ့လအားကြိုး၊ စစ်ထိုးခြင်း အမှုကို ၊ ဥပါယ်လေးပါး တစ်ပါးပါးဖြင့် တိုင်းကား ချဲ့ထွင်ရခြင်း ဖြစ်ပါသည်။
လက်ဆောင် ပဏ္ဍာ များဖြင့် သံတမန်စေလွတ်ခြင်း၊
ဤသို့ အမတ်ကြီးလျှောက်တင်သော စကားကို အားရနှစ်သက်တော် မူသည်ဖြစ်၍ ပြည်မင်း၊ တောင်ငူမင်းတို့ထံ ရွှေ ငွေ လက်ဆောင် အများနှင့် ဗိဿနိုးမြို့စား အမတ်ငရွှေလှ၊ နတ်မောက်မြို့စား ငကျော်မြ တို့ကို စေလွှတ်တော်မူသည်။
မင်းကြီးသီဟပတေ့ အနိစ္စရောက်ခြင်း
ဆင် မြင်း ရဲမက် အမှုထမ်းတို့ကိုလည်း အားအင် ပြည့်တင်းအောင် ရိက္ခာငွေတော် ထုတ်ပေး ချေးမစဉ်ကိုယ်တော် မကျန်းသည်နှင့် ၊ ကိုယ်စားတော်စား ရတနာပွင့်လှဦး ဘုရားကို အလျင်အမြန် တည်တော်မူ၍ ထီးတော် မတင်မီ သက္ကရာဇ် ၆၆၃-ခု ၊တော်သလင်းလဆန်း ၃ ရက်၊ စနေနေ့ နှစ်ချက်တီး အချိန် စည်းစိမ် ၂၄ နှစ် မင်းကြီးသီဟပတေ့ အနိစ္စရောက်တော်မူသည်။
သင်္ခသူ-စောနောင်
ထိုမင်းမရှိလျှင်- သားတော် သိင်္ခသူစောနောင် မင်းလုပ်တော်မူသည်။ ယင်းသောအခါ ပင်းယ မင်းဆက်ကုန်ကာ အဝတွင် မင်းလုပ်သော ရတနာပူရ ပဌမမြို့တည် သတိုးမင်းဖျားတည်း။ ထိုသင်္ခသူ စောနောင်မင်းသည် ၊မြို့ရှေ့၊ ကန်တော်ကြီးတောင်ဘက်၊ အင်းပက်လက်ေ၇ကျကို ကြီးကျယ်သော ကန်ဘောင်ကန်ရိုးနှင့် တက်ဆည် တူးလုပ်တော်မူသည်။ ထိုကန်ကို သင်္ခသူကန် ဟု ယခုတိုင် ခေါ်ဝေါ်ကြသည်။
ညံကန်မြို့
တရံရောအခါ၊ သက္ကရာဇ် ၇၂၆ခုနှစ် ရတနာပူရ၊ အဝမြို့ကို၊ တည်ထောင် မင်းလုပ်တော်မူသော သတိုးမင်းဖျားသည်၊ စစ်ထိုးခြင်းအမှုတွင် အလွန်လေ့လာသူဖြစ်သောကြောင့်၊ တောင်တွင်းစား သင်္ခသူငယ်ကို တိုက်ခိုက် သိမ်းယူရမည်။ စစ်ကိုင်း၊ ရေဝန်းသား၊ မောင်တက်ပြားကို အထူးအရင်း ပေးအပ် ချီလာရာ၊ တောင်တွင်းကြီးမြို့မြောက်၊ ခရီး ၄ တိုင်ကွာအရပ်တွင်၊ မြေမြို့ရိုး၊ ကတုတ်ရင်တား များနှင့် ညံကန်မြို့ သမုတ်ကာ စွဲရပ် နေထိုင် သည်။
သင်္ခသူမင်း- စကုသို့ထွက်ပြေးခြင်း
တောင်တွင်းကြီးမြို့ကလည်း လေးသမား ၄၀ ကျော်၊ ဆင်မြင်းလက်နက်အများနှင့် ခုခံတိုက်ခိုက်သည်။ လေးသမား ၄၀ကျော်တို့ မခံနိုင် ပျက်ပြားထွက်ပြေးရှိသည်နှင့် သင်္ခသူစောနောင်မင်းလည်း တောင်တွင်းမြို့မှ စကုမြို့သို့ ထွက်ပြေးပြီးလျှင် စကုမြို့သူကြီးသမီး မမင်းလှကို သိမ်းပိုက်၍၊ တောင်တွင်းကြီးမြို့က ပါရင်းအမှုထမ်း၊ စကု၊စလင်း၊ ဘောင်လင်း၊ လယ်ကိုင်း စသောလူတို့နှင့် ခုခံ စည်းကြပ်၍ အရပ်အနေ ပြုလုပ်သည်။
အင်းဝ-သတိုးမင်းဖျား လွန်တော်မူခြင်း
ယင်းသောအခါ သတိုးမင်းဖျားကိုယ်တိုင် ချီလှာ၍ စလေမြို့အောက်၊ ရှင်ပင်စောကြိုဘုရားဆိပ်သို့ ဆိုက်ရောက်ရှိနေစဉ်၊ ကျောက်ပေါက်ရောဂါနှင့် သတိုးမင်းဖျား နတ်ရွာလွန်တော်မူသည်။
မင်းကြီးစွာစော်ကဲ
ထိုမင်းမရှိလျှင် သတိုးမင်းဖျား၏ ယောက်ဖတော် အမြင့်စား တရဖျားကြီးကို မှူးမတ်တို့ ညီညာကြသဖြင့် မင်းကြီးစွာစော်ကဲ ဟူသော အမည်ဖြင့် ရတနာပူရ၊ အ၀ရွှေပြည်တော်ကြီးမှာ မင်းလုပ်တော်မူသည်။
သင်္ခသူစောနောင်ကို -သိမ်းပိုက်ခြင်း
တရံရောအခါ၊ မင်းကြီးစွာစောကဲ အမိန့်တော်ရှိသည်ကား- တောင်တွင်းစား သိင်္ခသူ စောနောင်ငယ် စကုမြို့က ခြားနားရှိနေသည်ကို မတိုက်မခိုက်ဘဲ ၊ နှလုံးအားဖြင့် သိမ်းပိုက်၍၊ သင့်-မသင့်၊ လျော်-မလျော်၊ တိုင်ပင်တော်မူသည်ကာလ.................
လက်ရုံးရည် ဟူသော အရာသည် နှလုံးရည်၏ အစေအပါးမျှ ဖြစ်ပါသည်။ နှလုံးရည်နှင့် မပြီးမှ လက်ရုံးရည်ဖြင့် အားထုတ်တော်မူရပါမည်- ဟု၊ မှူးမတ်တို့ တင်လျှောက်သော စကားကို အားရတော်မူသည်ဖြစ်၍ သိင်္ခသူ စောနောင်ကို သိမ်းပိုက်ခေါ်ယူ ဆိုက်ရောက်ရှိလျှင် အဘိုးရာဇာသမီး ၊ စောပုလဲ နှင့်  ထိမ်းမြား ပေးပြီးလျှင် မင်းသားတို့၏ အစီးအနင်း အဆောင်အရွက်များကို အပ်၍ မြေထူးမြို့၊ တပယင်းမြို့ များကို ပေးသနားတော် မူသည်။ ထိုမင်း၏ အဆက်အနွယ်ကား.........
သိင်္ခသူစောနောင်၊-
၎င်းသား- သီဟသူငယ်၊-
၎င်းသား- မင်းဦးကာ၊
နှမ- ရှင်ဘို့မယ် (လင်- အ၀ဘုရင် ပထမမင်းခေါင်) ဤကား သားယောက်ျားက ဆက်သော အနွယ်တော်တည်း။
တောင်တွင်းကြီး မင်းဆက်ပြတ်ခြင်း
ထိုသိင်္ခသူ စောနောင်မင်းနောက် တောင်တွင်းကြီးမြို့မှာ ထီးပြိုင်နန်းပြိုင် မင်းမရှိ။ မင်းကြီးစွာစော်ကဲမှစ၍ ဒုတိယမင်းခေါင်တိုင်၊ မင်း ၁၁ ဆက်၊ နှစ်ပေါင်း ၁၂၀ ကျော် အ၀မင်းတို့ အဆင့်အဆိုကို ခံ၍ မြို့ဝန် ပြ၀န်တို့နှင့်သာ အချုပ်အအုပ်ခန့်ထား နေထိုင်ကြရသည်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com