စာတွေ သင်နိုင်ပါစေ…
တင်အေး
ပိတောက်ပွင့်သစ် မဂ္ဂဇင်းတိုက်မှာ…..
“မနေ့က ခင်ဗျားမရှိဘူး၊ ကျွန်တော်တို့တိုက်မှာ အလုပ်ခန့်မယ့် မိန်းကလေးတစ်ယောက် ခေါ်လာသေးတယ်။ ကျွန်တော်တို့ အသိုင်းအ၀ိုင်းထဲကပါပဲ။ အဲဒါ မနက်ဖြန် သူလာရင်….”
တာဝန်ခံအယ်ဒီတာလည်းဖြစ်၊ မဂ္ဂဇင်းထုတ်ဝေသူလည်းဖြစ်သူက ကြိုပြောပြထားသည်။ ဘာဘဲဖြစ်ဖြစ် တိုက်မှာ ပင်တိုင်ထိုင်ပြီး တစ်ယောက်ထဲ အလုပ်တွေ လုပ်နေရတာထက်စာရင် နောက်တစ်ယောက်လာတော့ ကောင်းတာပေါ့၊ အဲသလိုတွေးရင်း လှေကားထစ်တွေပေါ် တက်လာခဲ့သည်။ အခန်းထဲဝင်လိုက်တော့ စားပွဲရှေ့က ကုလားထိုင်မှာ မိန်းကလေးတစ်ယောက်။
“ခင်ဗျားလား၊ မနိုဘယ်လ်အေးဆိုတာ…။”
ဟုတ်ကဲ့ဆိုပြီး၊ မိမိကို မျက်နှာထားအတည်နဲ့ ကြည့်နေသည်။ နေရာအသစ်တစ်ခုမှာ အသစ်ဆက်ဆံရမယ့် သူတစ်ယောက်ကို အကဲခတ်နေပုံ။ မဂ္ဂဇင်းတိုက် တစ်တိုက်ကို အသစ်အလုပ်ဝင်လာသော မိန်းကလေးတစ်ယောက် အနေနဲ့ စိတ်လှုပ်ရှားနေမှာ စိတ်အားငယ်နေမှာကို မိမိဖာသာမိမိ တွေးပူပြီး …
“အေးဗျ၊ ကျွန်တော်တို့ မဂ္ဂဇင်းတိုက်ကတော့ တိုက်မှာ အမြဲထိုင်တာ စုစုပေါင်းမှ ကျွန်တော် တစ်ယောက်ထဲရယ်။ ကျန်တဲ့သူတွေက ၀င်လိုက်ထွက်လိုက်ပဲ။ အခုတော့ ဒီတိုက်မှာ ခင်ဗျားအကြီးဆုံးပဲလို့သာ မှတ်လိုက်။ ခင်ဗျားပဲ အကုန် စီမံခန့်ခွဲရမှာ၊ ဒီဖိုင်တွေ၊ ဒီစာမူတွေ၊ ဒီစားပွဲတွေ ခင်ဗျားကို အကုန်အပ်တယ်။ ခင်ဗျား အဆင်ပြေတဲ့နေရာသာ ထိုင်ပြီး၊ လိုအပ်သလိုသာလုပ်ဗျာ၊ ကျွန်တော်နဲ့အတူ အလုပ်လုပ်ရမှာပဲ။ ကျွန်တော် လုပ်ပေးရမှာရှိရင် ပြော၊ လိုအပ်တာရှိရင်ပြော၊ ကျွန်တော့်ကို ခိုင်းစရာရှိလည်းပြော၊ ကျနော့်နာမည်က တင်အေး။”
အဲဒီတော့မှ သူမကပြုံးပြီး…..
“နိုနိုက ဘာမှမသိသေးပါဘူး၊ ဦးတင်အေးကို မေးပြီးလုပ်ရမှာပါ။”
ဘ၀တွေ…..
မဂ္ဂဇင်းတိုက်မှာ ရှိရှိသမျှအလုပ်များကို မိမိတို့နှစ်ယောက်သား စာစီစာရိုက်အပ်၊ တခါတလေ ကိုယ်တိုင်စာရိုက်၊ စာပြင်တာက အစ၊ စာပေစိစစ်ရေးသွားတင်၊ ရုံးကျ စာအုပ်သွားစောင့်၊ ဒီဇိုင်းဆရာတွေဆီပြေးတာ အလယ်၊ စာရေးဆရာတွေဆီ စာမူတောင်း၊ စာမူခထုတ်ပေး အဆုံး၊ မဂ္ဂဇင်းလုပ်ငန်းစဉ် တခုလုံးကို လုပ်ကြရသည်။ ကျန်တဲ့သူများက သူတို့ တတ်နိုင်တဲ့အပိုင်းကို ထုံ့ပိုင်းထုံ့ပိုင်း ၀င်လုပ်ကြသည်။ နောက်ဆုံး မဂ္ဂဇင်းစာအုပ် ဖြန့်ချိရေးနဲ့ ငွေပြန်သိမ်းတဲ့ အလုပ်အပါအ၀င် မိမိတို့နှစ်ယောက် ပုခုံးပေါ်သာ။
အဲဒီတော့ မရင်းနှီးပဲ ဘယ်နေပါ့မလဲ။
ပြောဖြစ်ကြသည်။ စကားတွေလည်း အများကြီး ပြောဖြစ်ကြသည်။ မိမိတို့ပြောဖြစ်ခဲ့ကြသော စကားများက တကယ်တော့ စကားတွေမဟုတ်၊ ဘ၀တွေဖြစ်နေသည်။
ကျွန်တော်က ၂၀၀၅ ခုနှစ် ဧပြီလ၊ ၂၆ ရက်နေ့မှာ ထောင်ကလွတ်လာသည်။ ထောင်ထဲရောက်တုန်းရောက်ခိုက် တမေ့တမော နေခဲ့ရသည်။ ထောင်ကပြန်လွတ်တော့ ကိုယ်ဝါသနာပါရာ စာပေနယ်ထဲမှာပဲ ကျင်လည်ဖြစ်သည်။ အဲသလိုနဲ့ သူငယ်ချင်းတွေ ၀န်းရံကြသည့် ပိတောက်ပွင့်သစ်မှာ….. စာရေးတာအပါအ၀င် မဂ္ဂဇင်းလုပ်ငန်း အောက်ခြေသိမ်း လုပ်ဖြစ်သွားသည်။
နိုဘယ်လ်က ၂၀၀၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှာ လွတ်လာသည်။ ထောင်ထဲမှာ သူလည်း စုစုပေါင်း (၇) နှစ်နေခဲ့ရသည်။ သူ့ကို အင်းစိန်ထောင်မှ မြင်းခြံထောင်ရွှေ့စဉ်က ကျွန်တော်အခြေချ နေ,နေသော မန္တလေး ထောင်သို့ ၂ ရက် ၀င်ထားဖူးသေးသည်။ သို့သော် တကန့်စီ။ အခု ပြန်ပြောဖြစ်မှ သိရသည်။ သားအမိ နှစ်ယောက်စလုံး (၇)နှစ် နီးပါးစီနေပြီး ထောင်မှ ပြန်လွတ်လာကြသည်။ သူ့အမေက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က၊ နိုဘယ်လ်က ၁၉၉၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုနဲ့ ထောင် (၄၇) နှစ်ကျခဲ့သည်။ ဗိုလ်ခင်ညွန့်တို့ကို ဖမ်းမိပြီး၊ အသုတ်လိုက် ပြန်လွှတ်ပေးတာတွေ လုပ်တော့ သူတို့ သားအမိနှစ်ယောက်လည်း လွတ်လာကြသည်။
“နိုနိုလေ သိလား၊ ထောင်ကလွတ်တော့လေ ဘယ်သူမှ အားမကိုးချင်ဘူး၊ ကိုယ့်ဖာသာကိုယ် အိမ်နားမှာ မုန့်လုပ်ရောင်း တယ်။ ညဘက်ဆို ရပ်ကွက်ထဲက ကျူရှင်မထားနိုင်တဲ့ ကလေးတွေကို တပြားမှမယူဘဲ စာသင်ပေးတယ်။ ထောင်ထဲ မရောက်ခင်ကလည်း အပြင်မှာ ကိုယ့်စရိတ်ကိုယ်ရှာ ကျောင်းတက်ရတယ်။ ထောင်ထဲမှာ ဆင်းရဲဒုက္ခနဲ့ နေခဲ့ရလို့ အပြင်ရောက်တော့လည်း နားရမလားမှတ်တယ်။ ပင်ပန်းလိုက်တာ ဦးတင်အေးရာ။ ”
နိုဘယ့်လ်ဘ၀က ကြမ်းတမ်းလွန်းသည်။ နိုဘယ်လ်ငယ်ငယ်ကတည်းက နိုဘယ်လ့်အဖေ ဆုံးပါး သွားသည်။ အမေနဲ့ နိုဘယ်လ်တို့ညီအစ်မနှစ်ယောက်ပဲ ကျန်ခဲ့သည်။ ငယ်စဉ်ကတည်းက ကိုယ့်ဘ၀ ကိုယ်ကျောင်းရသည်။ တက္ကသိုလ် အရမ်းတက်ချင်သည်။ နိုဘယ်လ်က ပညာတတ်ကြီး အရမ်းဖြစ်ချင်သည်။ ကိုယ့်ဖာသာကိုယ် ဈေးရောင်း၊ အလုပ် လုပ်ရင်း တက္ကသိုလ်ကို ရအောင်တက်ခဲ့သည်။ ဒဂုံတက္ကသိုလ်မှာ ရူပဗေဒ ဘာသာရပ် အဓိကနဲ့ ဒုတိယနှစ် တက်နေတုန်း ကျောင်းသားလှုပ်ရှားမှုနဲ့ တွေ့တော့ အမှန်တရားကို နိုဘယ်လ် လစ်လျူမရှုနိုင်၊ ပညာရေးကို မငဲ့နိုင်၊ ကျောင်းသားထု၏ ဘ၀ပြဿနာကို ငဲ့လိုက်သည်။ ကျောင်းသား ထုတိုက်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်။
တကယ်တော့ နိုဘယ့်လ်ဘ၀မှာ ငဲ့ရတာတွေများသည်။
အမေ့အတွက် ငဲ့ရသည်၊ ညီမလေးအတွက် ငဲ့ရသည်။ မောင်လေးနှစ်ယောက်အတွက် ငဲ့ရသည်။ ရပ်ကွက်ထဲက စာမသင်နိုင်တဲ့ ကလေးတွေအတွက် ငဲ့ရသည်။ တိုင်းပြည်အတွက် ငဲ့ရသည်။
ပညာတတ်ချင်လိုက်တာ …..
နိုဘယ်လ် ထောင်ကလွတ်တော့ ပညာရေးကို စိတ်မကုန်။ စိတ်မကုန်ရုံမဟုတ်၊ ပညာတတ်ကြီး အရမ်းဖြစ်ချင်သည်။ အင်္ဂလိပ်စာကောင်းကောင်း တတ်ချင်သည်။ ကျောင်းဆက်တက်ခွင့် မရပေမယ့် ရတဲ့နည်းနဲ့ ပညာရှာဖို့ သူကြိုးစား ပြန်သည်။ အဲဒါနဲ့ သူ အမေရိကန် ပြန်ကြားရေးဌာန (အမေရိကန်စင်တာ)မှာ အင်္ဂလိပ်စာ သင်တန်း တက်ခွင့်ရခဲ့သည်။ အဲဒီမှာ အင်္ဂလိပ်စာသင်တန်း စတက်တုန်းက သူ့ အဖြစ်အပျက်တစ်ခု ပြောပြတာ ကျွန်တော် ဒီနေ့အထိ ရင်ထဲက မထွက်။
သူနေတဲ့ သင်္ကန်းကျွန်းကနေ အမေရိကန် ပြန်ကြားရေးဌာနရှိတဲ့ ဒဂုံမြို့နယ်အထိ လာဖို့၊ အသွားအပြန် ကားခ မရှိ။ ဒါပေမဲ့ ပညာကလည်း လက်လွတ်မခံချင်။ အဲဒီတော့ နိုဘယ်လ် လမ်းလျှောက်ပြီး ကျောင်းကို လာသည်။ သင်္ကန်းကျွန်းကနေ ဒဂုံမြို့နယ်အထိ ၅ မိုင် ၆ မိုင် ၀န်းကျင်လောက် ဝေးမည်။ အသွားအပြန် လမ်းလျှောက်သည်။ ဘယ်သူ့ကိုမှ မပြောခဲ့။ ဘယ်သူမှ မသိကြ။
ကျွန်တော်တို့ ကြားခဲ့ဖူးတာက ဝေးလံသီခေါင်တဲ့ တောရွာတွေမှာ ကျောင်းမရှိလို့ အနီးဆုံးရှိတဲ့ကျောင်းကို နေ့စဉ် အသွားအပြန် တက်ကြရသည်။ ထိုသို့ အသွားအပြန် တက်ရင်းနဲ့ တနေ့မှာ လမ်းလျှောက်ချန်ပီယံ ဖြစ်လာသည် ဆိုတာမျိုး။
အခု အစိုးရရုံးစိုက်ရာ မြို့တော်ကြီးမှာ ပညာသင်ချင်သူလေး တစ်ဦး၊ တနေ့ ၅ မိုင် ၆ မိုင် ခရီးကို အသွားအပြန် လမ်းလျှောက် ကျောင်းတက်သည်။ စိတ်ကဆောင်ပေမယ့် ရုပ်က မခံနိုင်တော့။ ညဘက်ကျ ကလေးတွေလည်း စာပြရသည်။
သုံးရက်မြောက်နေ့တွင် နိုဘယ်လ်လေးတယောက် လမ်းဘေးကသစ်ပင်တပင်မှာ လဲနေတော့သည်။ ကျောင်းကို ရောက်အောင်မသွားနိုင်တော့၊ မူးနေပြီ။ အမေရိကန်စင်တာမှာ အတူတက်နေတဲ့ သူငယ်ချင်းတွေက တွေ့သွားသည်။ အဲဒီတော့မှ အကြောင်းအကျိုး သိကုန်ကြသည်။ စုတ်သပ်ကြသည်။ နိုနိုရယ် ဖြစ်မှဖြစ်ရလေ…..
အဲဒီအကြောင်းကို နိုနိုလေး ပြန်ပြောပြတော့ ကျွန်တော် မခံစားနိုင်၊ အသက်ရူလို့ မ၀တော့။ တော်ပါတော့ နိုဘယ်လ်ရယ်လို့ ပြောယူရသည်။
အင်္ဂလိပ်စာ သင်ပေးနော်…..
ကျွန်တော်က အင်္ဂလိပ်စာ ၀ါသနာပါသည်။ ထောင်ထဲမှာ ရသလောက်လေ့လာသည်။ ကျွမ်းကျင် သည်တော့ မဟုတ်။ ဘာသာပြန်လေးဘာလေး မတောက်တခေါက် လုပ်သည်။ နိုဘယ်လ်နဲ့ ကျွန်တော် မေတ္တာ မျှသွားတော့ ဦးတင်အေး အင်္ဂလိပ်စာ သင်ပေးနော်….. တဲ့။
အဲဒီအချိန်က သူ အမေရိကန်စင်တာမှာလည်း တက်နေသည်။ ဒါပေမဲ့ အလုပ်တဖက်နဲ့ ကောင်းကောင်း စာမလုပ်နိုင်။ ကျွန်တော်နဲ့က မဂ္ဂဇင်းတိုက်မှာလည်း အတူလုပ်နေတော့ အချိန်အတော်များများ အတူ ရှိကြသည်။ အေး၊ သင်ပေးတာပေါ့၊ နိုဘယ်လ်ရာ။ သင်ပေးတယ်ဆိုတာထက် စာအတူ လုပ်ကြတာပေါ့ကွာ… လို့ ကျွန်တော် ပြောခဲ့သည်။
နောက်တနေ့ နိုဘယ်လ် စာအုပ်အသစ်ဝယ်လာသည်။ စားပွဲပေါ်မှာ စာအုပ်နဲ့ ဘော်ပင်ကို ချပြီး၊
“ကဲ သင်ရအောင်၊ သင်ပေးတော့” …..တဲ့။
ကျွန်တော်တို့ အင်္ဂလိပ်စာ အတူလေ့လာကြသည်။
တခါတလေ သူတို့လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော် သူ့ကို သွားစောင့်သည်။ သူ့ကို ပြန်ပို့လျှင်လည်း အချိန်ရရင် အဲဒီဆိုင်မှာ ထိုင်ဖြစ်သည်။ ထိုင်ဖြစ်ကြလျှင် နိုဘယ်လ်က သူ့အင်္ဂလိပ်စာအုပ်တွေ ထုတ်သည်။ ကျွန်တော်နဲ့ အင်္ဂလိပ်စာလုပ်တဲ့ စာအုပ်လေးကို သူက သပ်သပ်ထားသည်။ အဲဒီစာအုပ်လေး ထုတ်ပြီး၊ ကျွန်တော့်ကို သူသိချင်တဲ့ အင်္ဂလိပ်စာတွေ မေးသည်။ အဲဒီစာအုပ်လေးထဲမှာ မှတ်သည်။
ကျွန်တော် သတိထားမိသည်။ နိုဘယ်လ်လေးသည် ကျွန်တော်နဲ့ အင်္ဂလိပ်စာလုပ်လျှင် သူ့ပုံလေးက အရမ်းရွှင်လန်း တက်ကြွနေတဲ့ပုံ ပေါက်သည်။ အင်္ဂလိပ်စာ လုပ်နေရတာကိုက သူများ သမီးရည်းစားတွေ ကြည်ကြည်နူးနူး ချိန်းတွေ့နေကြသလို ခံစားမှုမျိုးများ ဖြစ်နေသလားမသိ။ နိုဘယ့်လ်ပုံလေးက ကျွန်တော်က သူ့ကို အင်္ဂလိပ်စာ သင်ပေးတယ်ဆိုတာကို သိပ်ကြည်နူး ကျေနပ်ပုံရသည်။ တခါတခါ ကျွန်တော်က သူ့ကို အင်္ဂလိပ်စာ လေ့ကျင့်ခန်းတွေ ဘာတွေ ပေးလိုက်သေးသည်။ နောက်ရက်ဆို လေ့ကျင့်ခန်းတွေလုပ်လာပြီး ပြသည်။
နိုဘယ်လ်လေးရဲ့…
အင်္ဂလိပ်စာ သင်ပေးနော်….
အင်္ဂလိပ်စာ သင်ပေးနော်….
ဆိုတဲ့စကားလေးက ဒီနေ့အထိ ကျွန်တော်နားထဲက မထွက်။
၂၃ ရက် သြဂတ်စ် ၂၀၀၇ ခုနှစ်
၂၀၀၇ ခုနှစ် သြဂတ်စ် ၁၉ ရက်နေ့က ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသားများ ဦးဆောင်ပြီး၊ လောင်စာဆီ ဈေးတက်လို့ လမ်းလျှောက်ကြသည်။ ၂၁ ရက်နေ့ညမှာ သူတို့ကို ဖမ်းလိုက်သည်။
နောက်တနေ့ …..
၂၀၀၇ ခုနှစ် သြဂတ်စ် ၂၂ ရက်၊ နိုနိုလေး ကျွန်တော့်ကို ခေါင်းငြိမ့်ခဲ့တာ တနှစ်တိတိပြည့်တဲ့နေ့။
ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး မပျော်နိုင်။
နောက်တနေ့ …..
သြဂတ်စ် ၂၃ ရက် ည ၁၂ နာရီ။
နောက်တနေ့ …..
“မနေ့ည ၁၂ နာရီက နိုဘယ်လ်အေးကို အိမ်မှာ လာဖမ်းသွားတယ်” …..တဲ့။
မျှော်လင့်ပြီးသားပါ။
ကျွန်တော်တို့ ဘ၀တွေဟာ တနေ့နေ့မှာ တနည်းနည်း နဲ့ ခွဲရမယ်ဆိုတာ…။
ဒါပေမဲ့ အဲဒီနေ့ကို တကယ်ရောက်လာတော့ ကျွန်တော့်ဘ၀မှာ တခြားနေ့တွေ မရှိတော့သလို။
ကျွန်တော်လည်း အဖမ်းခံရဖူးပါသည်။ ထောင်ကျဖူးပါသည်။ လာဖမ်းရင် လူချည်း လိုက်သွားရသည်၊ ဘာမှ ယူသွားလို့ မရဘူးဆိုတာ ကျွန်တော်သိပါသည်။ ဒါပေမဲ့ ကျွန်တော် ယောင်ပြီးတွေးလိုက်မိသည်။ နိုဘယ်လ်လေး ကျွန်တော်နဲ့အတူ အင်္ဂလိပ်စာလုပ်နေတဲ့ စာအုပ်လေးများ ယူသွားလို့ ရသလားလို့လေ……..။ ။
(မုံရွာထောင်မှာ ဒုတိယအကြိမ် ထောင် ၁၁ နှစ် ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ညီမလေး မနိုဘယ်လ်အေး ပညာတွေ ဆက်သင်နိုင်ပါစေ။)
တင်အေး
၂၇.၀၃.၂၀၀၉

No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com