မလေးရှားကို ရောက်ခါစ တစ်နှစ်လောက် ကတော့ အလုပ်က အရမ်းကောင်းသည်။ မနက် (၈း၀၀) နာရီ ကနေ ည (၉း၀၀) အထိ အလုပ် ဆင်းရသောကြောင့် မနက် အိပ်ယာထ အလုပ်သွား၊ ပြန်လာလျှင် ချက်ပြုတ် စားသောက် ပြီးတာနဲ့  အိပ်ယာဝင်ပြီး မနက်ပြန်ထ အလုပ်သွားဖြင့် အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ် ဘယ်မှ မရောက်ဖြစ်ပေ။ စနေ၊ တနင်္ဂနွေ နှစ်ရက် ကတော့ ၅ နာရီ ပြန်ရသည်။ ဒါတောင် သူဌေးကို မနဲ ပြောယူရသည်။ ပထမ တနှစ်လုံးလုံး MAYDAY 1 ရက်နေ့ သာ နားရပြီး အလုပ်ချည်း ဖိဆင်း နေရသောကြောင့် ဘယ်မှ မရောက်ဖြစ်ပေ။ ‘သူ’ ကတော့ အေးဂျင့်ကို ပေးထားရသော ငွေလေး ကြေအောင် အလုပ်ကိုပဲ ကြုံးရုန်းလုပ်နေရသောကြောင့် ဖုန်းလေးတစ်လုံးပင် မဝယ်နိုင်သေး သဖြင့် ‘သူ့ ’သူငယ်ချင်းများနဲ့ လဲ အဆက်အသွယ် မရပေ။ ဒါကြောင့် ‘သူ’ တစ်ယောက်တည်း သင်းကွဲ နေသလို ဖြစ်နေသည်။ တစ်နှစ်ပတ်လုံး နီးပါး အလုပ်ပဲ ဆင်းနေရသောကြောင့် ကြာတော့ ‘သူ’ ငြီးငွေ့ လာသည်။ ဒီမှာ အလုပ်လုပ် နေရတာ ဘာအဓိပ္ပါယ်မှ မရှိပါလားလို့ ထင်လာသည်။ အလုပ်ချည်း ဆင်းနေရ သောကြောင့်ကြာတော့ လူက ပျင်းရိ ငြီးငွေ့ လာသည်။
တစ်နှစ်ပြည့် ပြီးသည့် နောက်တွင်တော့ အခြေအနေက တစ်မျိုးဖြစ်လာသည်။ အရင်လို အလုပ်အကိုင်က မကောင်းတော့ ပိတ်ရက်က များလာသည်။ နေ့ စဉ် ညနေ ၅း၀၀ နာရီ အိမ်ပြန်၊ စနေ၊ တနင်္ဂနွေ ဆိုရင် မေးစရာမလို ပိတ်ပြီးသား ဖြစ်နေသည်။ ဒီတော့ အချိန်တွေက ပိုလာသည်။ ‘သူ’ က အချိန်တွေ ပိုလာတော့ ဟိုအရင်က အလုပ်မအား သောကြောင့် မဆက်သွယ် ဖြစ်ခဲ့သော သူငယ်ချင်းများနဲ့ အဆက်အသွယ် ရဖို့ ဖုန်းတစ်လုံး ဝယ်လိုက်သည်။ အဲဒီနောက် စနေ၊ တနင်္ဂနွေ ပိတ်ရက်တိုင်း မတွေ့ တာ ကြာပြီဖြစ်သော သူငယ်ချင်းနဲ့ တွေ့ ပြီးနောက် ဟိုအိမ် လိုက်လည်လိုက် ဒီအိမ် လိုက်လည်လိုက်၊ စတိတ်ရှိုးပွဲ၊ ဘော်လုံးပွဲတွေ လိုက်ကြည့်လိုက်ဖြင့် ပျင်းရိခြင်းတွေ ကွယ်ပျောက်ပြီး တဖြည်းဖြည်းဖြင့် ‘သူ’ ပျော်လာသည်။မလေးရှားမှာ ကိုယ့်ကို မာန်မည့်သူမရှိ ချုပ်ချယ်မည့်သူ မရှိသောကြောင့် မလေးရှားဆိုတာ အလွန်ပျော်စရာ ကောင်းပါလားဟု ‘သူ’ ထင်လာသည်။
ဒီလိုဖြင့် ပိတ်ရက်တိုင်း ဟိုအိမ် လျှောက်လည်လိုက်၊ ဒီအိမ် လျှောက်သွားလိုက်ဖြင့် တဖြည်ဖြည်း အပေါင်းအသင်းက စုံလာသည်။ နေရာစုံတွင် လူစုံဖြင့် ပေါင်းလာသောကြောင့် လူကလဲ လိုင်းစုံလာသည်။ သောက်တတ်၊ စားတတ်၊ ကလပ်တွေ ဘာတွေလဲ တက်တတ်လာပြီး လောင်းကစားကလဲ ဖက်လာသည်။ ကောင်မလေးတွေနဲ့ လဲ ရှုပ်ရှုပ်ထွေထွေးတွေ ရှိလာသည်။ ‘သူ’တို့ တွေ မလေးရှားမှာ ရှိနေတုန်းကတော့ မြန်မာ မိန်းကလေးများ မရှိသေးချေ။ ဒါပေမယ့် အင်ဒို၊ ဗီယက်နမ်၊ ဆာဘက်၊ စာရာဝတ်မှ ကောင်မလေးများ ကတော့ ပေါသည်။ ထိုမိန်းကလေး များကလဲ မြန်မာကောင်လေးများကို အလွန်သဘောကျ ကြသည်။ မူးယစ်ဆေးဝါးကလဲ မလေးရှားတွင် အလွန်ပေါသည်။ ‘သူ’တို့ သူငယ်ချင်းများက ပိတ်ရက်တိုင်း ဝိုင်းဖွဲ့ သောက်ကြပေမယ့် မူးယစ်ဆေးဝါးတော့ ရှောင်ကြသည်။ လက်တည့် စမ်းချင်သည့် သူငယ်ချင်းရှိရင်လဲ ဝိုင်းတားကြသည်။ ဒီလိုနဲ့ သောက်လိုက်စားလိုက်၊ ကလပ် တက်လိုက်ဖြင့် ပျော်လိုက် ပါးလိုက်ဖြင့် လူက ပျက်စီးလာသည်။ ပထမ တစ်နှစ်သာ အိမ်ကို ငွေပို့ ပြီး အလုပ်မကောင်း ဆိုသော အကြောင်းပြချက်ဖြင့် နောက်နှစ်များ မှာတော့ ငွေမပို့  ဘဲ ကိုယ့်ဘာသာ သုံးဖြုန်းနေတော့သည်။ ကြာလေ လူက ပျက်စီးလာလေ ဖြစ်လာသည်။
‘သူ’တို့ ရှိတုန်း ကတော့ မလေးရှားတွင် ပထမ ကျွန်တော် ဆိုခဲ့သည့်အတိုင်း အင်ဒို၊ ဗီယက်နမ် စသဖြင့် ကောင်မလေးများ အလွန်ပေါသည်။ ‘သူ့ ’ သူငယ်ချင်းများ သူတို့ ချစ်သူ၊ ရည်းစားများနဲ့ အလုပ်တွေ ရှုပ်နေတုန်းမှာ ‘သူ’ကတော့ လည်လို့ ပတ်လို့ ကောင်းတုန်း သောက်လို့ စားလို့ ကောင်းနေတုန်းပေါ့။ ဒါပေမယ့် ‘သူ’လဲ တစ်နှစ်ခွဲ လောက်ရောက်တဲ့ အခါ ‘သူ့ ’ စက်ရုံမှ မလေးရှား မလေးတစ်ယောက်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ အဲဒီနောက် အရင်က ‘သူ’နဲ့  လည်ပင်းဖက် ပေါင်းနေကြသော မလေးသူငယ်ချင်းများ ‘သူ့ ’ကို စကားမပြော ကြတော့။ ဟိုအရင်က ဆိုလျှင် မလေးတွေက ‘သူ့ ’ကို တော်တော် ခင်ကြသည်။ ဒီနောက်ပိုင်း မလေးတွေ ‘သူ့ ’ကို ရှောင်ဖယ်ရှောင်ဖယ် လုပ်လာတာ သိသာလာသည်။ မလေးတွေ ‘သူ့ ’ကို နှစ်လနီးပါး မခေါ်မပြောဘဲ နေကြသည်။ အဲဒီအချိန်များ အတွင်း မလေးတွေ ‘သူ့ ’ ကောင်မလေးကို အမျိုးမျိုး နားချ သိမ်းသွင်းကြသည်။ သူတို့ နှစ်ယောက် ရှေ့ဆက်ဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း ဗုဒ္ဓဘာသာဝင် တစ်ယောက်နှင့် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ကောင်မလေးကို ဝိုင်းနားချ ကြသည်။
ကောင်မလေးက ခေါင်းမာစွာဖြင့် သူတို့ စကားကို နားမထောင်ဘဲ ‘သူ’နဲ့  လက်တွဲမဖြုတ် အရင်အတိုင်း ချစ်သူတွေ အဖြစ်ဆက်ရှိ နေသည့်နောက် သူတို့ ၏ စည်းရုံးရေး လမ်းစဉ်က ‘သူ့ ’ဘက်ကို လှည့်လာသည်။ တနေ့ တနေ့ ’သူ့ ’ကို တစ်ယောက်ပြီး တစ်ယောက် လာလာပြီး နားချ သိမ်းသွင်းကြသည်။ ‘သူ’နဲ့  ကောင်မလေးတို့ ချစ်သူတွေ ဖြစ်နေတာ သူတို့ သိတဲ့အကြောင်း၊ ‘သူ့ ’ကို ဘယ်လို ရှေ့ဆက်ဖို့ စဉ်းစားထား သလဲ ဆိုသည့် အကြောင်းများကို မေးသည်။ ပြီးနောက် ‘သူ’စိတ်ဝင်စားမည် ဆိုလျှင် ‘သူ’တို့ ချစ်သူ နှစ်ယောက်ကို သူတို့ ကူညီမည့်အကြောင်း၊ ကောင်မလေးနှင့် ယူလိုက်မည် ဆိုလျှင် ‘သူ’ဒီမှာ တစ်သက်လုံး နေနိုင်ပြီး ဒီစက်ရုံမှာ ဆက်လုပ်ကာ ‘သူ့ ’ နာမည်ဖြင့် ဆိုင်ကယ်ကို အရစ်ကျ စနစ်ဖြင့် ဝယ်နိုင်ပြီး ကောင်မလေး နာမည်ဖြင့် တိုက်ခန်းတစ်ခန်း အရစ်ကျဖြင့် ဝယ်ပြီး ဘဝကို ထူထောင်နိုင်ကြောင်း ‘သူ့ ’ကို စည်းရုံးသိမ်းသွင်း ကြသည်။ ‘သူ’နဲ့ ကောင်မလေး လက်ထပ်လိုက်လျှင် အရာရာ အဆင်ပြေနိုင်မည့် အကြောင်းနှင့် လက်ထပ်ဖို့ အတွက် ကလဲ ‘သူ့ ’ဘက်က သူတို့ ဘာသာ ထဲကိုဝင်လိုက်လျှင် ရပြီဆိုသည့် အကြောင်းများ ပြောကာ နားချသိမ်းသွင်းကြသည်။ ‘သူ’ ကလဲ ဒီနိုင်ငံတွင် တစ်သက်လုံး နေဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း၊ ‘သူ့ ’ မိဘတွေ ရှိရာ မြန်မာပြည်ကို ပြန်ရမည့် အကြောင်းနှင့် သူတို့ ဘာသာထဲကို ဝင်ဖို့ ဆိုတာ မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့သည်။
အဲဒီနောက်ပိုင်းတွင် ပြသနာက ပိုကြီးလာသည်။ ကောင်မလေးကို သူ့ အိမ်က အပြင်ကို တစ်ယောက်ထဲ ပေးမထွက်တော့ စက်ရုံကိုလဲ သူ့  အစ်ကိုများက အကြိုအပို့ လုပ်ပေးသည်။ စက်ရုံ အတွင်းတွင်လဲ မလေးများက သူတို့ နှစ်ယောက်ကို အရိပ်တကြည့်ကြည့်ဖြင့် စောင့်ကြည့်နေကြ သောကြောင့် အရင်လို မလွတ်လပ်တော့။ ပိုဆိုးသည်က သူ့ အစ်ကိုတွေက အိမ်အပြန်တွင် ‘သူ့ ’ နောက်က လိုက်ပြီး ‘သူ့ ’အိမ်ကို လိုက်ကြည့်ခြင်း ဖြစ်သည်။ ‘သူ့ ’အတွက် အခြေအနေက တဖြည်းဖြည်း ဆိုးလာပြီး အရင်လို လွတ်လွတ်လပ်လပ် မဟုတ်တော့ဘဲ ကျဉ်းထဲကြပ်ထဲ ရောက်လာသည်။ ‘သူ’နှင့် အတူနေသော သူငယ်ချင်းများကလဲ ‘သူ့ ’ အတွက် စိုးရိမ်ပြီး အပြင်သွားရင် အဖော်ပါမှ သွားဖို့ နှင့် ‘သူ’တစ်ယောက်ထဲ ဘယ်ကိုမှ မသွားဖို့ သတိပေးကြသည်။
‘သူ’နှင့် စက်တစ်လုံးထဲ နှစ်ယောက် အတူတူ မောင်းနေသည့် မလေးသူငယ်ချင်းကလဲ ‘သူ့ ’ ကောင်မလေး အစ်ကိုများနှင့် သူတို့ ၏ ဘာသာရေး အဖွဲ့ ဖြစ်သော ဟာဂျီအဖွဲ့ နှင့် မတွေ့ အောင်ရှောင်ဖို့ ’သူ့ ’ကို သတိပေးသည်။ ‘သူ’လဲ နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်သည့် အဆုံး ‘သူ့ ’အိမ်ကို ဖုန်းဆက်ပြီး ‘သူ့ ’အမေ့အား အကြောင်းစုံကို ရှင်းပြလိုက်သည်။ မိခင်ဖြစ်သူက အကြောင်းစုံကို သိသောအခါ စင်ကာပူရှိ ‘သူ့ ’အစ်ကို ဖြစ်သူအား ‘သူ့ ’ဆီကို လမ်းစရိတ်ပို့ ခိုင်းပြီး ချက်ခြင်း ပြန်လာခိုင်း သဖြင့် ‘သူ’လဲ သူဌေးကို လဲဗီးကြေးများ လျော်ကာ ကိုယ့်လေယောဉ် လက်မှတ် ကိုယ့်ဘာသာ ဝယ်ပြီး မလေးရှားမြေကို လက်ပြ နှုတ်ဆက်ကာ ပြန်ပြေး လာခဲ့ရသည်။
ဒီလိုတွေ ဖြစ်နိုင်လို့  သိတဲ့တတ်တဲ့ သူတွေက ဒီလောက် သတိပေးနေတဲ့ ကြားက ‘ပ’ လေးလုံးနဲ့ တိုးဖြစ်အောင်တိုး ခဲ့ရတဲ့ သူ့ ကို ကြည့်ပြီး သံဝေဂ ရမိသည်။ ဒါကြောင့် အနာဂါတ်အတွက် ရည်မှန်းချက် အမျိုးမျိုးနဲ့ မလေးရှားကို ရောက်ရှိ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတွေ အားလုံးကိုလဲ ‘သူ့ ’လို လမ်းမှားမျိုးကို မလိုက်မိစေဖို့ စေတနာနဲ့ ဒီဆောင်းပါး ပိုစ့်လေးကို ရေးမိတာပါ။ ဟိုအရင် အိမ်က စထွက် လာကာစက ရည်မှန်းခဲ့ သလို အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ပြီး ငွေကို စုနိုင်သမျှစု ရည်မှန်းချက်တွေ မြန်မြန်ပြည့်ပြီး ကိုယ့်အိမ်ကို အမြန်ပြန်နိုင် ပါစေလို့ လဲ ဆုတောင်း ပေးလိုက်ပါတယ်။ မလေးရှားတွင် အလုပ်လုပ်နေသော သူငယ်ချင်းများ ‘ပ’ လေးလုံး အကြောင်းကို မကြုံဘူး တောင်မှ ကြားတော့ ကြားဘူးမည်ဟု ထင်ပါသည်။ ဒါကြောင့် သတိထား ကြပါလို့ စေတနာ ရှေ့ထား သတိစကားပါးလိုက် ပါကြောင်း………
မှတ်ချက်။ ။’သူ’ ဆိုတာက တကယ် ရှိခဲ့သလို၊ တကယ်ဖြစ်ခဲ့သော ဇာတ်လမ်းလေးပါ။ ဘယ်သူ့ ကိုမှ နစ်နာလိုစိတ်နဲ့ ရေးခြင်း မဟုတ်သလို လုပ်ကြံ ဖန်တီး ထားခြင်းလဲ မဟုတ်ပါဘူး။ အတွေ့ အကြုံလေး တစ်ခုကို ဝေမျှချင်ရုံ သက်သက် ရေးခြင်း ဖြစ်ပါသည်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com