" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဒေါက်တာလွန်းဆွေ Doctor Lon Swe တွယ်ရာမဲ့ ဘ၀များ ၁

(အသံ) အိမ်ပြန်ပိုက်ဆံပေးဖို့လို့ ကယ်ရီနဲ့ လာတွေ့တဲ့အချိန်မှာ အဲဒီ တောမောလိုက်လို့ ဆိုပြီးတော့ ရွှံ့ဗွက်တွေထဲမှာ ပြေးရတာ၊ ကျွဲတွေထဲမှာ ပြေးရတာပေါ့နော်။ ပြေးရင်း ပြေးရင်းနဲ့ ဖိနပ်လည်း မပါလာဘူး၊ ကယ်ရီနဲ့လည်း မတွေ့ခဲ့ရဘူး။ ဒီတိုင်းပဲ ဆိုင်ကယ်ကို ဈေးကြီးကြီးပေးပြီးတော့ စက်ရုံကို ပြန်လာခဲ့ရတယ်ပေါ့နော်။ အဲဒါတောင်မှပဲ ခွင့်ကို မနည်းယူပြီး သွားရတယ်ပေါ့။

မဲဆောက်က သိုးမွှေးစက်ရုံတရုံမှာ အလုပ်လာလုပ်နေတဲ့ မြန်မာအလုပ်သမတဦးက သူ့ရဲ့စွန့်စားခန်းတခုကို ရင်ဖွင့်ပြောပြနေတာ ဖြစ်ပါတယ်။ အိမ်ကို ပိုက်ဆံပြန်ပို့ဖို့ ကယ်ရီဆီအသွားမှာ တောမောလို့ခေါ်တဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေ နောက်ကလိုက်လို့ ခဲရာခဲဆစ် ထွက်ပြေးလွတ်မြောက်ခဲ့ရပုံ အကြောင်းပါ၊၊

ကယ်ရီဆီ သွားခွင့်ရဖို့အရေး စက်ရုံကနေ ခွင့်ယူချင်တိုင်း ယူလို့မရဘူးလို့ ဆိုပါတယ်။ မိဘတွေ နေမကောင်းလို့ မြန်မာပြည် ခဏပြန်ချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် နေမကောင်းလို့ နားချင်ရင်ပဲဖြစ်ဖြစ် အလုပ်ရှင်တွေရဲ့ ဆူဆဲကြိမ်မောင်းမှု မျိုးစုံကို ခံပြီးမှ ခွင့်ရတတ်ပါတယ်။ ဒါပေမယ့် ခွင့်ယူတဲ့နေ့အတွက်လည်း လစာဖြတ်တာ ခံရပါတယ်လို့ သူက ပြောပြပါတယ်။

(အသံ) တကယ်လို့ နေမကောင်းဘူး ခွင့်ယူမယ်ဆိုရင်တောင် သူတို့က မသေသေးဘူးလား အဲသလိုမျိုး ပြောပါတယ်။ နောက်တခုက မြန်မာပြည်ပြန်ဖို့ မိသားစု မအေတွေ ဖအေတွေ နေမကောင်းလို့ ခွင့်သွားယူမယ် ဆိုလို့ရှိရင် စိတ်ဆင်းရဲ ခံပြီးတော့မှ အဲလိုခွင့်မျိုးကို ရတယ်ပေါ့နော်။ တကယ်လို့ ခွင့်ယူရင်လည်း တနေ့ကို ၆၀ဖြတ်တယ်ပေါ့နော်။

မန်မာပြည်က မိသားစုတွေဆီကို ပိုက်ဆံပြန်ပို့တဲ့ အခါမှာလည်း ကယ်ရီကို ပို့ပေးခ အမြောက်အမြားပေးရ ပေမယ့် ကယ်ရီက အိမ်အရောက်ပို့မပေးဘဲ အိမ်ကလူတွေက ကယ်ရီဆီကို သွားယူရတယ်လို့ဆိုပါတယ်။ အစိုးရ ဘဏ်တွေရှိပေမယ့် အစစ်အဆေး အမေးအမြန်းထူလွန်းလို့ ကယ်ရီနဲ့ပဲ အဆက်အသွယ်လုပ်တယ်လို့ သူက ပြောပြပါတယ်။

(အသံ) ကယ်ရီနဲ့ လွှဲတာဆိုတော့ တသောင်းကို ၈၀၀ယူပါတယ်။ တချို့ဆိုလို့ရှိရင် တသောင်းကို တထောင် ယူတယ်ပေါ့နော်။ ဒါတောင် သူတို့က အိမ်အထိ သွားမပို့ပေးပါဘူး။ အိမ်ကလူတွေကနေ အဆက်အသွယ်နဲ့ သွားယူရတာပေါ့နော်။ ဘဏ်က လွှဲလို့တော့ ရတယ်။ ဒါပေမယ်လို့ ဘဏ်ကျတော့ သူတို့က ပိုက်ဆံတွေ ဘာတွေလွှဲရင် ဘယ်ကရလဲ၊ ဘာညာနဲ့ဆိုတော့ အရှုပ်အရှင်းတွေ တချက်ရှိတာပေါ့နော်။ အဲတော့ တချို့က အဲလိုမျိုး အရှုပ်အရှင်းကို ကြောက်လို့ အများစုက ကယ်ရီနဲ့ပဲ ပို့တယ်ပေါ့။ ဒီကနေ စာနဲ့ ဟိုကလည်း စာပြန်လာတယ်ပေါ့။ အဲလိုမျိုး အဆက်အသွယ်လုပ်တာပေါ့။

သူက အညာမြေလတ်ပိုင်း မကွေးမြို့နားမှာရှိတဲ့ ရွာတရွာကနေ လာရောက် အလုပ်လုပ်ကိုင်နေသူပါ။ သူ့အနေနဲ့ ၃တန်းအထိပဲ ပညာသင်ကြားခဲ့ရပြီး အသက်(၂၃)နှစ်အရွယ် ၁၉၉၈ခုနှစ်က ယောက်မဖြစ်သူနဲ့အတူ မဲဆောက်ကို လိုက်လာခဲ့တာလို့ ဆိုပါတယ်။ မဲဆောက်ကို မလာခင်တုန်းက ရန်ကုန် လှိုင်သာယာမှာရှိတဲ့ ကိုရီးယား အထည်ချုပ် စက်ရုံတရုံမှာ အလုပ်လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီအထည်ချုပ်စက်ရုံကရတဲ့ ၀င်ငွေက ဘယ်လိုမှ မလောက်ငှတဲ့အပြင် အလုပ်လုပ်ရတာလည်း ပင်ပန်းပြီး မျက်နှာကောင်းမရဘူးလို့ ဆိုပါတယ်။ အဲဒါ ကြောင့် အလုပ်အခြေအနေကောင်းတယ်လို့ ကြားရတဲ့ မဲဆောက်ကို လိုက်လာခဲ့တာလို့ သူကပြောပြပါတယ်။

(အသံ) အောက်မှာကျတော့ ဘယ်လိုပြောမလဲ၊ အလုပ်က အခြေအနေက ရတဲ့ပိုက်ဆံနဲ့ သုံးတာနဲ့ လုံးဝမ ကိုက်ဘူးလေ။ တလကို ကျမ (၉၀၀၀)ထောင်လောက် ရတယ်ပေါ့နော်။ အလုပ်လုပ်ရတာ ဘယ်လိုလဲဆိုလို့ရှိရင် ချုပ်တဲ့ အခါကျရင် မော်တာမိုးရှင်းတွေက အလုပ်ကို မတရားလုပ်ရတယ်ပေါ့နော်။ ပျက်ထည်တွေ ဘာတွေကျလို့ ဆိုလို့ရှိရင် စက်ချုပ်သမားတွေ မကောင်းဘူးဆိုပြီးတော့ ဆူခံထိပါတယ်။ နောက်တခါ အထည်တွေ အရေအတွက်တွေ ကောင်းလို့ များများရရင် စူပါတွေ assistant တွေကို သူတို့က ဆုချတယ်။ စားသောက်ဆိုင်တွေမှာ ကျွေးတယ်ပေါ့ နော်။ ဒါပေမယ့် အဲဒီလိုမျိုးကျွေးလို့ မနာလိုစိတ်ရှိတာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ်က အရမ်းအနစ်နာခံပြီး ကိုယ့်အနေနဲ့ မျက်နှာကောင်း မရဘူးဆိုပြီး အဲဒါတွေလည်း ပါတာပေါ့နော်၊ ဒီဘက်ကိုလာပြီး အလုပ်လုပ်တာ။ ဒီမှာ အလုပ်အခြေအနေ ကောင်းတယ်လို့ ယောက်မပေါ့၊ သူကခေါ်လာလို့ ဒီကိုရောက်လာခဲ့တာ။

မဲဆောက်ကို ရောက်ခါစက အထည်ချုပ်စက်ရုံတရုံမှာ သူဝင်လုပ်ခဲ့ပါတယ်။ အဲဒီအထည်စက်ရုံမှာ အနည်းဆုံး ည ၁၂နာရီ တခါတရံ မနက် ၃နာရီအထိ အချိန်ပို ဆင်းရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လစာရတဲ့အခါ ဆေးကုတာနဲ့ပဲ ကုန်သွားလို့ သိုးမွှေးစက်ရုံကို ပြောင်းရွှေ့လုပ်ကိုင်ခဲ့တယ်လို့ သူက အခုလိုပြောပြပါတယ်။

(အသံ) ဒီမှာနေတုန်းက အထည်ချုပ်မှာ တခါလုပ်ဖူးတယ်။ အထည်ချုပ်မှာကျတော့ တနှစ်လုံး လုပ်တာမှ ပိုက်ဆံက ဘယ်လောက်မှ မကျန်ဘူး၊ အဲဒီမှာ ကျန်းမာရေး ထိခိုက်တာနဲ့ အိုတီက တခါတလေ ဆိုလို့ရှိရင် ၃နာရီ၊ တခါတလေကျလို့ရှိရင် ၁၂နာရီက အနည်းဆုံးဆင်းရတယ်လေ။ အိုတီကြေးနဲ့ဘာနဲ့ ရတဲ့ပိုက်ဆံနဲ့ ဆိုလို့ရှိရင် ဆေးကုတာနဲ့ မလောက်ဘူး။ မလောက်တာနဲ့ အဲဒါနဲ့ ဒီဘက်ကို ပြန်ပြီးတော့ သိုးမွှေးထဲကို ပြန်ဝင်လိုက်တာ။

သူရောက်ကာစ နှစ်တွေတုန်းက အလုပ်အကိုင်တွေ မကောင်းလှသေးသလို မြန်မာအလုပ်သမားတွေလည်း မဲဆောက်မှာ အခုလို မများသေးပါဘူး။ အလုပ်သမားတွေ မများသေးတဲ့အတွက် အလုပ်သမားတွေအပေါ် အလုပ်ရှင်တွေရဲ့ ဆက်ဆံပုံဟာလည်း အကောင်းချည်း မဟုတ်တောင် မဆိုးလှဘူး။ အခုအခါမှာတော့ အလုပ်သမားတယောက် ထွက်သွားရင် နောက်ထပ် ၁၀ယောက် ပြန်ဝင်လာမှာကို အလုပ်ရှင်တွေက သိနေတဲ့အတွက် ချိုးနှိမ်ဆက်ဆံတာမျိုးကိုသာ သူတို့အနေနဲ့ ခံရတယ်လို့ ဆိုပါတယ်။ အဲသလို ချိုးနှိမ်ခံရတဲ့ အခွင့်အရေးတွေအတွက် ဆန္ဒပြပြီးတောင်းဆိုခဲ့ပေမယ့် အလုပ်ရှင်တွေက လိုက်လျှောခြင်းမရှိဘူးလို့ သူက အခုလိုပြောပြပါတယ်။

(အသံ) ဆန္ဒပြပြီးတောင်းဆိုတာ ရှိပါတယ်။ လိုက်လျောတာ သိပ်မရှိဘူးပေါ့။ ဆယ်ခုလောက်တောင်းမှ တခု လောက်ပဲ အဲလိုမျိုး လိုက်လျောတာပေါ့။ ကျမတို့တောင်းတာ အဲလိုမျိုး ငွေရေးကြေးရေး ဆိုတာတော့ သူတို့က သိပ်ပြီးမပေးပါဘူး။ နားဖို့ရက်လောက် တောင်းတာတောင်မှပဲ အိုတီပိတ်ဖို့လို့ တောင်းတာတောင်မှပဲ အခက်အခဲ အရမ်းရှိတယ်ပေါ့နော်။ နောက်တခုက ထမင်းကောင်းဖို့ရယ်၊ အဆောင်တွေဘာတွေ ကျယ်ကျယ်ဝန်းဝန်းရှိဖို့၊ ရေကို လိုတဲ့အချိန်တိုင်း ပေးနိုင်ဖို့ အဲဒါတောင်းတာပေါ့နော်။ အဲဒါတောင်းတာ ပေးတဲ့ရုံလည်းရှိသလို မပေးတဲ့ ရုံတွေလည်း ရှိတယ်ပေါ့။

သူအလုပ်လုပ်ခဲ့တဲ့ ၉နှစ်တာကာလ တလျှောက်မှာတော့ ၂၀၀၀ပြည့် နှစ်ကနေ ၂၀၀၃-၂၀၀၄ ခုနှစ်လောက် အတွင်းမှာ ၀င်ငွေအကောင်းဆုံး ရခဲ့ဖူးတယ်လို့ ဆိုပါတယ်။ တလကို ဘတ်လေးထောင်၊ ငါးထောင်ကနေ တသောင်းအထိ ရခဲ့ပြီး ဂိတ်ကောင်းကောင်း ဆွဲရရင် ဆွဲရသလို သိုးမွှေးစက်ရုံမှာ ၀င်ငွေကောင်းခဲ့ပုံကို အခုလို ပြောပြပါတယ်။

(အသံ) ၂၀၀၀ခုနှစ်ကနေ နှစ်ထောင်နဲ့ သုံး ၂၀၀၄လောက်အထိ အဲဒီအထိတော့ တော်တော်ကလေး ကောင်းပါတယ်။ လစာတွေလည်း ရပါတယ်။ လေးငါးထောင် တသောင်းအထိလည်း အဲလိုမျိုး ရတယ်ပေါ့။ ဒါပေမယ်လို့ တချို့ကျတော့ စက်ရုံထဲမှာကျတော့ ဂိတ်တွေက မတူဘူးလေ။ ၇ဂိတ်တို့၊ ၅ဂိတ်တို့၊ ၃ဂိတ်တို့၊ ၁၂ဂိတ်တို့ ရှိတယ်။ အဲဒီမှာ ဂိတ်ကောင်းကောင်း ဂိတ်ကြီးတွေဘာတွေမှ ရတဲ့သူတွေမှ ပိုက်ဆံရတာပေါ့။ စက်ဆွဲသမားတွေ အနေနဲ့ပေါ့နော်၊ ဥပမာ ၁၂ဂိတ်မှာ ဆွဲရတဲ့ ဒီဇိုင်းမျိုးတို့၊ ၅ဂိတ်မှာ ဆွဲရတဲ့ ဒီဇိုင်းမျိုးတို့ ဆိုလို့ရှိရင် ၅ဂိတ်တို့ ၃ဂိတ်တို့ အဲဒါတွေက ဈေးရတယ်ပေါ့။ ဟိုးအရင်တုန်းကပေါ့။ အခုကတော့ ဘယ်ဂိတ်မှ ဈေးမရတော့ပါဘူး။ သုံးထောင်ရဖို့ မနည်းဆွဲရပါတယ်။ အခုဟာ …။

အခုအခါ မဲဆောက်မှာ စက်ရုံတွေ များပြားလာသလို အလုပ်သမားတွေလည်း အဆမတန် ပေါများလာတဲ့ အတွက် ရတဲ့အော်ဒါတွေကို ရုံတွေခွဲပြီး မျှလုပ်နေရပါတယ်။ အရင်တုန်းကဆို သင်္ကြန်အပြီး လေးလပိုင်းထဲမှာ အလုပ်တွေ တော်တော်လုပ်နေရပြီး အခုနောက်ပိုင်း နှစ်တွေမှာတော့ ၅လပိုင်းအထိ ထုံ့ပိုင်းထုံ့ပိုင်းသာ လုပ်နေရ တယ်။ အဲသလို အလုပ်တွေ မကောင်းတော့တဲ့အတွက် မြန်မာပြည်ကလူတွေကို ထိုင်းဘက် မလာစေချင်တော့ဘူးလို့ သူက အခုလို ပြောပြပါတယ်။

(အသံ) ကျမကတော့ ဘယ်လိုလဲဆိုလို့ရှိရင် သူများတကာကိုတော့ မပြောဘူးပေါ့နော်။ တချို့ကျတော့လည်း ကိုယ်သွားလို့ သူတို့မလာနဲ့ဆိုလို့ရှိရင် ကိုယ်ကျတော့ လာပြီးတော့ သူတို့ကျတော့ မခေါ်ဘူးလို့ ပြောတယ် ပေါ့။ ကျမမိသားစု အသိုင်းအ၀ိုင်းကိုလည်း ကျမ မခေါ်ဘူးပေါ့။ ကျမလို ဒုက္ခရောက်မှာစိုးလို့ပေါ့။ တကယ်လို့ ကိုယ် ခေါ်လိုက်လို့ရှိရင်လည်း သူတို့က လက်မှတ်မရှိတဲ့အတွက် အဲလိုပဲ ပုလိပ်ရန်က အမြဲပြေးပြီးတော့ ဒုက္ခအမျိုးမျိုး ရောက်မယ်။ နောက်တခုက ကျမရဲ့လုပ်စာတွေ သူတို့ကို ထပ်ပြီး ခွဲပေးနေရမယ်ပေါ့။ ပေးလိုက်ရင် ကိုယ်လည်း ပုံမှန် ပို့ငွေလည်း မပို့နိုင်တော့ဘူးပေါ့နော်။ သူ့အတွက်ကိုပဲ ကူညီ၊ သူလည်း ဒုက္ခရောက်၊ ကိုယ်လည်း စိတ်ဆင်းရဲတာနဲ့ အလုပ်လည်း မဖြစ်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လက်မှတ်မရှိဘူးဆိုရင် အချိန်ပြည့်လိုလိုက ပြေးနေကြရတာ။

မြန်မာပြည်က လူတွေကို သူ့လို ဒုက္ခရောက်မှာစိုးလို့ မလာစေချင်တော့ပေမယ့် သူကိုယ်တိုင်လည်း မြန်မာ ပြည်ကို မပြန်နိုင်ဘဲ ဖြစ်နေရပါတယ်လို့ သူက ပြောပါတယ်၊၊

(အသံ) ရိုးရိုးသားသား ပြောမယ်ဆို အစတုန်းကပေါ့နော်၊ ကိုယ့်မိဘတွေက အရင်တုန်းက မစုခဲ့ မဆောင်းခဲ့လို့ ကိုယ်က အဲဒီလိုမျိုး လာရတယ်လို့ ထင်ခဲ့တာပေါ့နော်။ အခုနောက်ပိုင်းကျတော့ လေ့လာတော့ အပြင်ရောက် တော့ နည်းနည်းပါးပါး သိလာတော့ အဲလိုမျိုးပေါ့ တိုင်းရေးပြည်ရေး အခြေအနေ မကောင်းလို့သာ ဒီမှာလာလုပ်ရ တာ၊ ကုန်ဈေးနှုန်းမြင့်တာတို့၊ နောက်တခုကကျတော့ အလုပ်တွေ မပေးနိုင်တာတို့ပေါ့နော်။ အဲဒါနဲ့ လူတိုင်း အလုပ် မရှိတဲ့အတွက် ဟိုမှာ ရတဲ့ပိုက်ဆံနဲ့ သုံးဖို့က မလောက်ဘူးပေါ့နော်၊ မလောက်တဲ့အခါကျတော့ ဒီမှာ ကောင်းတယ် ဆိုတော့ ရေကြည်ရာမြက်နုရာ လာရှာကြတာပေါ့နော်။ လာပြီးပြန်တော့လည်း ဟိုနဲ့ဒီနဲ့ စာကြည့်တော့ ဒီမှာက အရမ်းအကောင်းကြီး မဟုတ်တောင်မှဘဲ ဟိုမှာထက်စာရင် မဆိုးဘူးဆိုပြီးတော့ မပြန်နိုင်ကြဘူးပေါ့နော်။

ဒေါက်တာလွဏ်းဆွေ

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Post a Comment

Related Posts Plugin for WordPress, Blogger...