" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ရဲသော်မသေ သေသော်ငရဲမလား

ဆောင်းပါးရှင် - ဗိုလ်မှူး ကျော်ကျော်ခိုင် ( အပိုင်း (၃) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
ကိုယ်တိုင်ကြုံဖူးသည့် ဖြစ်စဉ်တစ်ခုမှာ  နယ်စပ်တနေရာတွင် ပြောက်ကျားစစ် ပြင်းထန်ခဲ့စဉ်က လူဆိုကျင်း၊ နွားဆိုဟင်း၊ လှည်းဆိုထင်း ဆိုရလောက်အောင်  သတိကြီးစွာဖြင့် လှုပ်ရှားခဲ့ဖူးသော စစ်ဆင်ရေးတခုတွင်  ရွာရှင်းရာ၌ အလွန်ကြောက်လန့်တုန်လှုပ်သော အမူအရာဖြင့် ပြေးထွက်လာသော  လွယ်အိပ်နှင့် ရွာသားများမှာ သူပုန်ဟု ကောင်းစွာ ယူဆနိုင်သော်လည်း  လက်အတွင်းတွင် လက်နက်တစုံတရာ မတွေ့သဖြင့် ထိရောက်သော အကွာအဝေးတွင်ပင် မပစ်ခတ်ခဲ့ကြောင်း၊ သူတို့ကသာ ညအချိန်တွင် ရွာသားယောင်ဆောင်ပြီး  ပစ်ခတ်ခဲ့သောကြောင့်  တပ်ခွဲမှူးတဦး  ကျဆုံးခဲ့ရကြောင်း ရှင်းပြရသည်။ ရှေ့တန်းတွင် ရန်သူရွာသားခွဲခြားဖို့ ခက်ခဲပြီး  ကိုယ့်အသက်ကို လုရခြင်းဖြစ်ကြောင်းနှင့်  နယ်မြေဧရိယာ Commander (တပ်ရင်းမှူး) ၏ အမိန့်၊ စိတ်သဘောထားသည်သာ အဓိကဖြစ်ကြောင်း တပ်သဘောထား မဟုတ်ကြောင်းကိုလည်း ကိုယ်တွေ့နှင့်ယှဉ်၍ ဖြေခဲ့ပေးရဘူးသည်။ ပြစ်မှုများကျူးလွန်ပါက တပ်သဘောအရ တယောက်မကောင်း အများ မျှခံစားရသည့် သဘောလည်းရှိ၏။ တပ်ထဲမှမည်သူက ပြစ်မှု ကျူးလွန်လိုက်သည်ဖြစ်စေ မြန်မာ ( ဗမာ ) တွေ မြန်မာစစ်တပ် (ဗမာစစ်တပ်) ဟု ပြောသလို တဘက် အဖွဲ့အစည်းများကလည်း နယ်မြေလူထုကို  ဝါဒဖြန့်ချိဖို့အတွက် ဗမာလူမျိုးကြီးဝါဒ၊ ကလေးငယ်များကို စာသင်ရာတွင်ပင် လူမျိုးရေး မုန်းတီးမှုကိုအခြေခံပြီး ဗ ဗမာမျိုး လှံ နှင့်ထိုး စသည်ဖြင့် မလုပ်သင့်မလုပ်ထိုက် စိတ်ဓါတ် ရိုက်သွင်း တာမျိုးတွေပင် ဖြစ်ရသည်။ ကျူးလွန်သူများကို ပြစ်မှု အလိုက်အရေးယူရသဖြင့် စစ်ထောင်များတွင် ထောင်ကျအရာရှိစစ်သည် အခြားအဆင့်များကို တွေ့ရခြင်းဖြစ်သည်။ ( ထိုတဘက် အဖွဲ့အစည်းများတွင်လည်း အချုပ်/ထောင်များ၊ အချုပ်သား ထောင်သားများ ရှိသည်မှာ မကောင်းမှုတွင်မွေ့လျော်တတ်သည့် လူ့စရိုက်ကြောင့်သာ မဟုတ်ပါလော။ စည်းကမ်းမလိုက် နာသူများကြောင့် မဟုတ်ပါလော။ )

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲရှိ ရှေ့တန်း စစ်စခန်းတခုတွင် နအဖ တပ်ဖွဲ့မှ စစ်သားများကို တွေ့ရပုံ ( photo: AFP )
စစ်မြေပြင် ရှေ့တန်းရှိ တပ်မတော်စစ်ကြောင်းမှူး တော်တော်များသည် ကျေးရွာများတွင် တောတွင်း လက်နက်ကိုင်များနှင့် ပတ်သက်ရာ ပတ်သက်ကြောင်း ရွာသူကြီးကအစ ပေါ်တာအဆုံး ဆွေမျိုးများ မကင်းကြောင်း သိရှိသော်လည်း ရန်သူ့ သတင်းရလိုရငြား မျှော်လင့်ချက်ဖြင့် စည်းရုံးရေးအရ မသိချင်ယောင်ဆောင်ပြီး ထိတွေ့ ဆက်ဆံ ခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ပါသည်။ အထူးသဖြင့် ရာသီဥတုနှင့် တောတောင် ထူထပ် ကြမ်းတမ်းသည့် ဒေသများတွင် ရှားပါးသည့် ကျေးရွာငယ်များအား အုပ်ချုပ်မှု စားရေးသောက်ရေး စစ်သည်များ အတွက် မှီခိုနေရသဖြင့် အစစအရာရာ ငဲ့ငြှာရသည့်  ဖြစ်စဉ်များလည်း  ရှိပါသည်။ မျှတစွာစီစစ် ဝေဖန် သုံးသပ်နိုင်ဖို့ အမှန်တရားကို သဘောပေါက် လက်ခံကြဖို့အတွက်  ထည့်သွင်း တင်ပြခြင်းသာ ဖြစ်ပါသည်။
ငါးပါး သီလတရား၏ ကံထိုက်မှုများတွင် ကျူးလွန်လိုသော စိတ်စေတနာ ပါဝင်မှုသည် အဓိကအချက်   ဖြစ်ကြောင်း တွေ့ရသည်။ မိမိတို့ စိတ်စေတနာ မှန်ကန်ပါက ကံထိုက်မှုအချက်များမှ ချွတ်ယွင်းနေပြီး အကုသိုလ်ငယ်များလောက်သာ ဖြစ်ပေါ်နိုင်သည်။ ကုသိုလ်သည် အကုသိုလ်ကို နိုင်သည်။ အသက်စွန့်လှူကာ လူအများကောင်းကျိုး အတွက်၎င်း လူအများ ဘေးရန်ကင်းရှင်းပြီး အေးချမ်းသာယာရေး အတွက်၎င်း  မှန်မှန်ကန်ကန် လုပ်ဆောင်ရခြင်းဆိုသော ကုသိုလ်ကလည်း မဟာကုသိုလ်ပင်ဖြစ်သည်။ တရားသော စစ်လည်းဖြစ်မည်။ သတ်ဖြတ်လိုသော စိတ်စေတနာဆိုးများကလည်း ကင်းရှင်းသည်။ မတရား အပြုအမူများလည်း ကင်းသည်ဆိုလျင် ထိုစိတ် စေတနာကောင်းများ ကုသိုလ်များကြောင့် သာမန်အကုသိုလ် အငယ်စားများ လျော့ပါး အဟောသိကံဖြစ်ပြီး အကျိုးပေးခွင့်မသာနိုင်ပဲ အများအကျိုးအတွက် ဦးထိပ်ပန်သော အာစိဏ္ဏကံစိတ်ဖြင့် သေလွန်ခြင်းဖြင့် ဖြစ်ရာဘဝတွင် တိရိစ္ဆာန်ပင်ဖြစ်ဦးတော့ အခြွေ အရံများနှင့် အကြီးအမှူးဖြစ်ရသည့် အထောက်အထားများကို ကျမ်းဂန်စာပေများတွင် ဖတ်ရှုလေ့လာ တွေ့ရှိနို်င်သည်။
မိမိတို့ စိတ်စေတနာမှန်ကန်မှု၊ အမြဲအစဉ် အမျိုးဘာသာ သာသနာ လူထု အများအကျိုးအတွက် စိတ်ထားမှုကြောင့် စွဲထင်နေသောအာစိဏ္ဏကံကလည်း အာသန္နကံအဖြစ်ကပ်၍ အကျိုးပြုနိုင်သောကြောင့် ရှေးပညာရှိကြီးများက ရဲသော်မသေ၊ သေသော်ငရဲမလား ဟု ရေးသား ချီးမြှင့် ခဲ့ခြင်းဖြစ်သည်။  သို့သော် ယနေ့ကာလ တပ်မတော် သားအများစု၏ စိတ်ဓါတ်များ၊ လုပ်ဆောင် ချက်များ၏ ၉၀ % ကျော်ကျော်သည် နေ့စဉ်ကောင်းမြတ်စွာ ကျင်လည် စွဲမြဲထုံနေသည့် အာစိဏ္ဏကံအဖြစ် ရှိလောက်သော ကုသိုလ် အခြေအနေမှာမရှိပဲ အကုသိုလ်များသာ အဖြစ် များနေသောကြောင့်  ထုံနေသည့် အကုသိုလ်အာစိဏ္ဏကံများကိုသာ တွေ့ရသည်။
ထို့ကြောင့် သေကာနီးကာလစပ်ကြား  အကုသိုလ် အာသန္နကံများကသာ  ကပ်လျက်လိုက်ပါကာ မကောင်းကျိုးပေး၍ အပါယ်တံခါးပွင့်ပေလိမ့်မည် ဖြစ်သည်။ စစ်အာဏာရှင်ကြီးများကလည်း သူတို့၏ အာဏာတည်မြဲရေး၊ စည်းစိမ်ဥစ္စာများ ထားစရာမရှိအောင် လောဘ ရမက်ကြီးမားစွာ အတောမသတ်နိုင်ဘဲ ရှာဖွေစုဆောင်းရေးအတွက် တပ်မတော်ကို ခုတုံးလုပ်ပြီး တပ်မတော်သားများကို အကုသိုလ် အဆင်းတွင် ဘီးများများတပ်ကာ အောက်သို့ ချပေးနေကြသည်။
ရှေ့တန်းစစ်ကြောင်တစ်ကြောင်းမှ ပွိုင့်စစ်သားတစ်ဦး ကျေးရွာထဲသို့ ၀င်ရောက်လာစဉ်
သူတို့ကိုယ်တိုင်လည်း ကုသိုလ်အကုသိုလ် အတ္တပရဟိတ္တ ကိုယ့်အကျိုး သူတပါးလူအများအကျိုးကို မခွဲခြားနိုင်လောက်အောင် အသိဥာဏ် အဆင်ခြင်နည်းပါးသည့် လူ့ဘီလူးများ အဖြစ်ကို  ရောက်ရှိရူးသွပ်နေပြီ ဖြစ်သည်မှာ ဘော်လုံးပွဲတပွဲကို ဘေးမှစောင့်ကြည့်သလို စောင့်ကြည့် နေသူများကတော့ အသေအချာ တွေ့မြင်နေရ၏။ ဘော်လုံးပွဲအတွင်း အမိန့်အရ အကြောက် တရားကြောင့်၎င်း အသိမဲ့ကြောင့်၎င်း မသိနားမလည်မှုကြောင့်၎င်း ကိုယ်တိုင်ပါဝင် ကစားနေကြရရှာသော ယနေ့တပ်မတော်သားများကတော့ ဘော်လုံးပွဲကြည့် ပရိဿတ်ကဲ့သို့ အမှန်တရားကို သိမြင်နိုင်ခွင့် နည်းပါးလှပေသည်။ မိမိတို့ စည်းလုံးခြင်းရဲ့အင်အား ဖိုးတရုတ်အဖွဲ့ သားများအနေဖြင့် တပ်မတော်သားများသို့ ရှုထောင့် အမျိုးမျိုးမှနေပြီး တပ်မတော်သား အားလုံး အတွေးအမြင် မှန် ကန်စေခြင်းငှါ တင်ပြပေးလျက် ရှိပါသည်။ ကြည်း ရေ လေ တပ်မတော်သားများသည် ပြည်သူလူထုကို မိမိတို့၏ ကျေးဇူးရှင်အမှန်အဖြစ် သိမြင်ရမည်။ ပြည်သူလူထု အသက် အိုးအိမ်စည်းစိမ်ကို အမှန်တကယ် ကာကွယ်စောင့်ရှောက် ပေးကြရမည်။ ပြည်သူလူထုအပေါ် ရေလိုလလို ကျင့်ကြံကြရမည်။ ရန်သူကိုနေလို မီးလိုကျင့်ကြံ ရမည်ဆိုသော်လည်း အများ အကျိုးအတွက် ဘေးရန်အန္တရာယ် အဖျက်အဆီးများမှ ကာကွယ်စောင့်ရှောက် ပေးခြင်းသာဖြစ်သည် ဆိုသော စိတ်ကောင်းစေတနာကောင်း ကိန်းနေရမည်ဖြစ်သည်။ ( ဤအချက်သည် ဂျီနီဗာ ကွန်ဗင်းရှင်း (Geneva Convention ) က သဘောတူချမှတ်ထားသော စစ်နှင့်ပါတ်သက်ပြီး ထိန်းသိမ်းပြုမူရမည့် အချက်များထက်ပင် သာလွန်နေသေးသည်။ )
သို့မှသာလျင် ကျင်လည်ကာ စုံမြောနေကြရသည့် ဘုံလောက ဘဝသံသရာဝယ်   သေသော် နတ်ပြည်မလားတောင် ငရဲတော့ မရောက်နိုင်ပါပေ။ သို့မှသာလျင် ရဲသော်မသေ၊ သေသော် ငရဲမလား ဆောင်ပုဒ်က  ရဲဘော်တို့ ကိုယ့်ကိုကိုယ် တန်ဖိုးထားနိုင် လောက်ပေမည်။ ဂုဏ်ယူဖွယ် ဖြစ်ပေမည်။ သို့မဟုတ်က ထိုတံဆိပ်ကြီး ဦးခေါင်းထက်မှာ တပ်ဆင် ထားခြင်းက ရှက်တတ်လျင် ကိုယ့်မျက်နှာ ကိုယ်ဓါးဖြင့် လှီးဖြတ်ဖို့ သင့်ပေလိမ့်မည်။
အချုပ်အားဖြင့် ရဲသော်မသေ၊ သေသော်ငရဲမလား စေချင်လျင်ဖြင့် စစ်အာဏာရှင်ဆိုသည့် အရိပ်မဲကြီးကို ဖယ်ရှားပြီး ပြည်သူ လူထုဘက်မှ ရပ်တည်လျက်  အမှန်တရားကို ကာကွယ် စောင့်ရှောက်ပေးသွားပါ၊ စစ်အာဏာရှင်နှင့် တပ်မတော်ယှဉ်လာလျင် တပ်မတော်ဘက်မှ ရပ်တည်ပေးပါ၊ တပ်မတော်နှင့် ပြည်သူလူထု ကောင်းကျိုး ယှဉ်လာလျင် ပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ပေးပါဟု ( ယနေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နေသည့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အပါအဝင် ) ကြည်း ရေ လေ တပ်မတော် သားအပေါင်းအား  လေးလေး စားစား တိုက်တွန်းလိုက်ရပါသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...